မှိုဆိပ်( MYCOTOXIN)


ဒီနေ့ညစာ စားပြီးတော့
ခံတွင်းနည်းနည်း ချဉ်သလိုလိုရှိတာမို့
မလျက်တာ ကြာပြီဖြစ်တဲ့ လျက်ဆားပုလင်းကို
လှမ်းယူပြီး ဖွင့်လိုက်မိတယ်…
လက်နဲ့နှိုက်ပြီး လျက်မယ်ပေါ့…
လက်နဲ့နှိုက်ကြည့်တဲ့အခါ
လက်ရဲ့အထိအတွေ့က မွမွလေးဖြစ်နေတော့
စိတ်ထဲ မသင်္ကာတာနဲ့
လျက်ဆားပုလင်းထဲကို ဓာတ်မီးနဲ့ထိုးကြည့်မိတယ်…
လားလား…
မှိုတွေ… ပုလင်းထဲမှာ ပြည့်လို့…
ဒါက မျက်စေ့နဲ့မြင်ရတဲ့အရွယ်ရောက်လာလို့…
သူတို့တော်တော်ကြီးနေရောပေါ့…
ဒါနဲ့ တစ်ဆက်ထဲ တွေးမိတယ်…
အရပ်ထဲမှာ ပြောပြောနေကြတာလေးကိုပါ…
` အဲ့ဒီကလေးက လူကောင်းကလေး…
အရက်လည်းမသောက်၊ အသည်းရောင်ပိုးတွေဘာတွေလည်းမရှိဘဲနဲ့
အခုတော့ အသည်းကင်ဆာဖြစ်လို့တဲ့…´ ဆိုတဲ့
စကားလေးတွေအကြောင်းလေ…
တကယ်တော့…
မှို…
အဲ့ဒီမှိုတွေကြောင့်ပါပဲလေ…
အဲ့ဒီမှိုတွေက ထုတ်တဲ့ မှိုဆိပ်( Mycotoxin) တွေကြောင့်သာ အသည်းပျက်စီးကြတာ…
ကျွန်တော်တို့နိုင်ငံလို
ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိ နည်းတဲ့
ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အများဆုံး ခံရတာပဲလေ…
ကမ္ဘာပေါ်မှာ မှိုမျိုးစိတ်ပေါင်း တစ်သန်းခွဲလောက်ရှိတဲ့အထဲက မျိုးစိတ် ၃၀၀ လောက်က လူတွေကို အန္တရာယ်ပေးကြတယ်လေ…
စနစ်တကျ ထုပ်ပိုးမထားတဲ့ တိုင်းရင်းဆေးတွေအများစုမှာ အပူချိန်နဲ့ စိုစွတ်မှုတွေအပေါ်မှာ မူတည်ပြီးတော့ မှိုတွေ ပေါက်လာနိုင်ပါတယ်…
အထူးသဖြင့်တော့ Aspergillus နဲ့ Penicillium မှိုမျိုးစိတ်တွေ ပေါက်နေတာ များပါတယ်… အဲ့ဒီမှိုတွေက မှိုဆိပ်တွေထုတ်ပေးပါတယ်… မှိုဆိပ်ကြောင့် အသည်း၊ ကျောက်ကပ်၊ ဦးဏှောက် နှင့်အာရုံကြောအဖွဲ့အစည်း၊ ကြွက်သား၊ အရေပြား၊ အသက်ရှူအင်္ဂါများ၊ အစာအိမ်နှင့်အူလမ်းကြောင်း၊ မျိုးပွားလိင်အင်္ဂါတွေပါမကျန် ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးစေနိုင်ပါတယ်…
မှိုဆိပ်အကြောင်း အကြမ်းဖျင်းပြောရရင်
Aspergillus ဆိုတဲ့မှိုမျိုးစိတ်ထဲက A. flavus နဲ့ A.parasitius ဆိုတဲ့ မှိုကနေ Aflatoxin လို့ခေါ်တဲ့ မှိုဆိပ်ကို အဓိက ထုတ်ပေးပါတယ်…
ဒီမှိုဆိပ်က အသည်းကင်ဆာဖြစ်စေတဲ့အထိ
ပြင်းထန်ပါတယ်… မြေပဲ၊ မြေပဲနဲ့လုပ်ထားတဲ့မုန့်၊ ပြောင်း၊ ငရုတ်သီးခြောက်၊ ဂျုံ၊ ငရုတ်၊ နေကြာစေ့၊ မက်မွန်သီး၊ သစ်ကြားသီး၊ ငရုတ်ကောင်းမှုန့်၊ မဆလာ၊ တရုတ်နံနံစေ့၊ စနစ်တကျမထုပ်ပိုးသော တိုင်းရင်းဆေး/လျက်ဆား၊/ ပရဆေးအချို့မှာ အများဆုံး ပါဝင်ပါတယ်…
Aflatoxin တွေဟာ အဆိပ်သင့်နှုန်းမြင့်ပြီး ကင်ဆာဖြစ်စေနိုင်၊ သန္ဓေသားအင်္ဂါထိခိုက်စေနိုင်တဲ့ အန္တရာယ် အမြင့်ဆုံးရှိတဲ့ မှိုဆိပ်ဖြစ်ပါတယ်…
A.fumigates ဆိုတဲ့မှိုဟာလည်း ကိုယ်ခံအားနည်းတဲ့သူ၊ အဆုတ်ရောဂါရှိတဲ့သူတွေမှာ ပြင်းထန်တဲ့ မှိုဆိပ်သင့်ရောဂါ၊ ဓာတ်မတည့်မှုရောဂါဖြစ်စေပါတယ်…
Aspergillosis လို့ခေါ်တဲ့ မှိုစွဲရောဂါကြောင့် ပန်းနာရင်ကြပ်ပုံစံအဆုတ်ရောဂါဖြစ်တတ်ပါတယ်…
A.niger မှိုကထုတ်တဲ့ Ochratoxin A နဲ့ Fumonisin B2 လို့ခေါ်တဲ့ မှိုဆိပ်ကလည်း အသည်း၊အဆုတ်၊ကျောက်ကပ်တွေကို ပျက်စီးစေပါတယ်…
Penicillium မျိုးစိတ်ထဲက P.Rubrum ဆိုတဲ့မှိုကထုတ်တဲ့ Rubrum မှိုဆိပ်ကတော့ ဗိုက်အောင့်၊ အသားဝါ၊ တက်ခြင်း တို့ကိုဖြစ်စေပြီး P. Citrinum ကထုတ်တဲ့ Citrinin မှိုဆိပ်ကတော့ ကျောက်ကပ်ကို အဆိပ်သင့်စေပါတယ်…တခြားမှိုမျိုးစိတ်တွေကိုတော့ မပြောတော့ပါဘူး…
မှိုဆိပ်သင့်ပြီဆိုရင်အရင်ဆုံးခံစားရတာတွေက
အစားအသောက်ပျက်မယ်၊ မအီမသာဖြစ်မယ်၊ ဘာကြောင့်မှန်းမသိဘဲ အဖျားငွေ့ငွေ့ဖျားနေမယ်…
တဖြည်းဖြည်း ကြာလာပြီဆိုရင်
ပျို့အန်တာတွေ၊ ဗိုက်အောင့်တာတွေ၊ အသည်းရောင်တာတွေ၊ အသားဝါတာ၊ အသည်းပျက်စီးတာတွေ၊ အသည်းကင်ဆာဖြစ်တာတွေအထိ ဖြစ်လာပြီး အသက်အန္တရာယ်ဖြစ်စေပါလိမ့်မယ်…
ဒီမှိုဆိပ်မသင့်အောင်
အစာစားတဲ့အခါ အတတ်နိုင်ဆုံးသတိထားရမှာဖြစ်ပါတယ်…
Chlorophyll များများပါတဲ့
အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေက
မှိုဆိပ်သင့်ခြင်းကို သုံးပုံနှစ်ပုံခန့်အထိ
လျှော့ချပေးနိုင်တယ်လို့ လေ့လာမှုတစ်ခုက
တွေ့ရှိထားတာရှိပါတယ်…
ဒါကြောင့် အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေ များများစားခြင်းဟာ ကျန်းမာရေးအတွက် အမှန်တကယ် အထောက်အကူပြုပါလိမ့်မယ်…
ကျွန်တော်တို့နိုင်ငံဟာ
ကင်ဆာဖြစ်ပွားနှုန်းကြောက်ခန်းလိလိတက်လာနေတာ တွေ့နေရပါတယ်..
အဓိက အကြောင်းရင်းကတော့
အစားအသောက်တွေကြောင့်ပါ…
အခု ကျွန်တော်ရေးပြခဲ့တဲ့ မှိုဆိပ်သင့်တာဟာ
အဲ့ဒီအကြောင်းရင်းတွေထဲက
လူတော်တော်များများ သတိမထားမိကြတဲ့
အကြောင်းရင်းတစ်ခုပါ…
ဒါကြောင့်
ဒီစာလေးကိုဖတ်ပြီး
ကိုယ့်အတွက်၊ ကိုယ့်မိသားစုအတွက်၊
ကိုယ့်နိုင်ငံအတွက်၊ လူသားတွေအတွက်
တစ်ထောင့် တစ်နေရာက
အကျိုးရှိသွားမယ်ဆိုရင်
ကျွန်တော် ကျေနပ်ပါပြီ…
အားလုံးပဲ
စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာနိုင်ကြပါစေ…
Share……
Dr.NLA ( Nay Lin Aung )
(Pyaw Bwe)
မှိုဆိပ်( MYCOTOXIN) မှိုဆိပ်( MYCOTOXIN) Reviewed by Naethit on Friday, July 07, 2017 Rating: 5

No comments