မျက်ကပ်မှန်တပ်နည်း



မျက်ကပ်မှန်တပ်တဲ့အခါ မျက်မှန်ပါဝါ အတိုင်း လိုက်တပ်လို့မရပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ မျက်လုံးနဲ့ မျက်မှန်ရဲ့ ကြားအကွာအဝေးက 12mm လောက် ရှိနေလို့ ဖြစ်ပါတယ်။ ဒီအကွာအဝေးကို ထည့်သွင်းတွက်ချက်ရင် မျက်ကပ်မှန်ရဲ့ ပါဝါကို ၅၀ လောက် လျှော့ပေးရတယ်။ မျက်မှန်ပါဝါ ၃၀၀ ရှိသူတဦးဟာ ပါဝါ ၂၅၀ ရှိတဲ့ မျက်ကပ်မှန်ကိုပဲ တပ်သင့်တယ်။ မျက်ကပ်မှန်တခုရွေးချယ်တဲ့အခါ မျက်လုံးအနေအထား၊ မျက်ကြည်လွှာ အတိုင်းအတာ၊ အခုံးအခွက်သာမက မျက်ခွံအနေအထားတွေကိုပါ ထည့်သွင်းတွက်ချက်ရတယ်။

မျက်ကပ်မှန် မတပ်ခင်လက်ကို အရင်ဆေးကြောပြီး ခြောက်သွေ့အောင် ထားပါ။ ဘယ်(သို) ညာ မိမိအားသန်တဲ့လက်ကို မျက်ကပ်မှန်တပ်ဖို့ အသုံးပြုရတယ်။ ရှေးဦးစွာ မျက်ကပ်မှန်ကို ခုံးနေတဲ့ မျက်နှာပြင်ကို လက်ညှိုးထိပ်မှာ တင်ပါ။ နောက်လက်ခလယ်ကို သုံးပြီး အောက်မျက်ခမ်းကို ဆွဲချပါ။တခြားလက်ညှိုးတဖက်သုံးပြီး အပေါ်မျက်ခွံကို မတင်ပါ။ မျက်စိကို ရှေ့တည့်တည့်ကြည့်ပါ။
မျက်ကပ်မှန်ကို မျက်စိရဲ့ အောက်ဖက် ဖြူတဲ့အပိုင်းပေါ် အသာတင်လိုက်ပါ။
လက်က်ု ဖယ်ပြီး မျက်လုံးကို စက္ကန့်အနည်းငယ်ကြာပိတ်ပါ။ မျက်စိပြန်ဖွင့်တဲ့အခါ မျက်ကပ်မှန်က အနက်ဆံပေါ် နေသားတကျဖြစ်နေတာ တွေ့ရလိမ့်မယ်။ မျက်ကပ်မှန်အမာဆိုရင် မျက်လုံးသူငယ်အိမ်ပေါ်တိုက်ရိုက်တင်ပေးသင့်တယ်။

မျက်ကပ်မှန် ဖြုတ်နည်း

မျက်ကပ်မှန် မဖြုတ်ခင် လက်ကို အရင်ဆုံး စင်ကြယ်အောင် ဆေးကြောပါ။ ရှေးဦးစွာ မျက်လုံးကို အပေါ်ကြည့်ထားပါ။ အောက်မျက်ခွံကို အားသန်တဲ့ဖက် လက်ခလယ်နဲ့ ဆွဲချပါ။
လက်ညှိုးကို မျက်ကပ်မှန်ပေါ် အသာတင်ပြီး အောက်သို့ ဆွဲချပါ။ နောက်ဆုံး လက်ညှိုးနဲ့ လက်မသုံးပြီး မျက်ကပ်မှန်ကို အသာ ဆွဲမယူရုံပဲဖြစ်တယ်။ ဖြုတ်ပြီးတဲ့ မျက်ကပ်မှန်ကို တခါတည်း ဆေးစိမ်ခွက်ထဲထည့်ပါ။

မျက်ကပ်မှန် သိမ်းဆည်းနည်း

Biotrue or Renu multi-purpose solution သုံးစက်စီကို မျက်နှာပြင်ပေါ်တင်ပြီး မျက်ကပ်မှန်ကို စက္ကန့်(၂၀)ခန့် သာသာလေး ဆေးကြောပါ။ အခြားမျက်နှာပြင်ကိုလည်း အထက်ပါအတိုင်း (၅)စက္ကန့်ခန့် ဆေးကြောပါ။ ဆေးကြောပြီးသား မျက်ကပ်မှန်ကို အဆိုပါဆေးရည်ထည့်ထားတဲ့ မျက်ကပ်မှန် ခွက်ထဲထည့်ပါ။ ဖြုတ်ပြီးသား မျက်ကပ်မှန်တခုကို အနည်းဆုံး ၄နာရီကြာအောင် စိမ်ထားဖို့ လိုတယ်။ သတိပြုရမှာက မျက်ကပ်မှန်ဖြုတ်ပြီးတာနဲ့ ခွက်ထဲချက်ချင်းထည့်ပါ။ ဆေးရည်ကို သန့်စင်အောင် နေ့စဉ်လဲပေးသင့်တယ်။ ဆေးရည်စိမ်ထားတဲ့ မျက်ကပ်မှန်တခုဟာ ရက် (၃၀)ထိ အထားခံတယ်။ အဲထက်ကြာရင် မသုံးသင့်တော့ပါ။

ဒီမှာ နညိးနည်း ပြောစရာရှိတာက မျက်ကပ်မှန်ဆေးရည်ပဲ။ မျက်ကပ်ဆေးရည်ထဲမှာ boric acid , poloxamine , sodium chloride စတာတွေ ပါတယ်။ ဆားရည်(sodium chloride)ပါလို့ ကြာရှည်ထားရင် ခွက်ဘေးမှာ ဂျိုးကပ်သလို ဖြစ်တာ တွေ့ရတယ်။ အဲလိုတွေ့ရင် ဆေးရည်ကို ချက်ချင်း လဲပေးဖို့ လိုအပ်ပါတယ်။

Ortho-K (Orthokeratology) ဆိုတာ မျက်ကပ်မှန်တမျိုးပါပဲ။ မျက်ကြည့်လွှာရဲ့ပုံသဏ္ဌန် ကိုပြောင်းလဲပေးတာပါ။ အဝေးမှုန်သမားတွေအတွက် အသုံးဝင်တယ်။ Overnight Ortho-K ဆိုတာ အသုံးများဆုံးပဲ။ ညပိုင်း အိပ်တဲ့အချိန်တပ်ရတာ။ အနည်းဆုံး ရှစ်နာရီတပ်ပြီး မနက်အိပ်ရာထမှာ ပြန်ဖြူတ်ရတာမျိုး။ ဒီနည်းက ယာယီအတွက် အသုံးဝင်တယ်။ တချို့ နေ့ပိုင်း မျက်မှန်တပ်ဖို့ မလိုတော့ပါ။ ဒီနည်းသုံးဖို့ သက်ဆိုင်ရာဆရာဝန်က အဲဒီနယ်ပယ်မှာ အထူးကျွမ်းကျင်သူဖြစ်ရပါမယ်။

တကယ်တော့ မျက်ကပ်မှန် အပျော့နဲ့အမာ ဖြုတ်တဲ့ပုံ နည်းနည်းကွာတယ်။ မျက်ကပ်အမာ(rigid lens)ဖြုတ်တဲ့အခါ မျက်ခွံကို နားရှိတဲ့ဖက်ကို ခပ်တင်းတင်း ဆွဲမရတယ်။ ပြီးမှ မျက်တောင်ခပ်ပါ။ အဲလိုလုပ်ခြင်းအားဖြင့် မျက်စိနဲ့ မျက်ကပ်မှန်ကြားမှာ တွယ်ကပ်တဲ့ဖြစ်စဉ် capillary action မရှိတော့ဘူး။ ဒီလိုနည်းနဲ့မျက်ကပ်မှန်က ကွာကျလာလိမ့်မယ်။ တခါတရံ ပလတ်စတစ်ဇာဂနာလေးတွေက မျက်ကပ်မှန်အမာတွေ ဖြုတ်တ်တဲ့အခါ အသုံးဝင်တယ်။ မျက်ကပ်မှန်အပျော့ကို ဖြုတ်တဲ့အခါ မျက်ကြည်လွှာမထိခိုက်အောင် မျက်စိရဲ့ ဖြူတဲ့အပိုင်း(ဘေး သို့မဟုတ် အောက်ဖက်)ဆီဆွဲချပြီးမှ လက်မနဲ့ လက်ညှိုးသုံးပြီး ခွာလိုက်ရုံပဲ။ ကျင့်ပါများရင် လွယ်ကူလာပါလိမ့်မယ်။

ဒေါက်တာအေးမင်းထူး
မျက်ကပ်မှန်တပ်နည်း မျက်ကပ်မှန်တပ်နည်း Reviewed by Naethit on Monday, July 10, 2017 Rating: 5

No comments