မြေလွတ်မြေရိုင်းမှသည် လယ်ယာမြေအဖြစ် ပြောင်း .. ..အကောင်းလား… အဆိုးလား ...


မကြာသေးမီ အချိန်ကာလအတွင်းမှာ ဗဟို မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီမှ ညွှန်ကြားချက် တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။ အမှန်ကတော့ ယင်းညွှန်ကြားချက်သည် ဗဟိုလယ်စီအဖွဲ့ အနေနဲ့ ထုတ်ပြန်ရမည့် ညွှန်ကြားချက် ဖြစ်ပြီး မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟို ကော်မတီမှ ထုတ်ပြန်မည်ဆိုက ပိုမို ပြည့်စုံ စနစ်ကျဘို့ လိုပါလိမ့်မယ်။ ယခုလည်း ထုတ်ပြန်တဲ့ အဖွဲ့ခေါင်းစည်းကသာ မြေလွတ်မြေရိုင်းစီမံခန့်ခွဲရေး ဗဟိုကော်မတီ ဖြစ်သော်လည်း လုပ်ဆောင်ရန် အချက်များကို မြေလွတ် မြေလပ်နှင့် မြေရိုင်းများ စိမံခန့်ခွဲရေး ဥပဒေ၊ နည်းဥပဒေများနှင့် တပိုဒ်တလေမျှ ဆက်စပ် ညွှန်းဆိုခြင်း မ၇ှိဘဲ လယ်ယာမြေဥပဒေ ပြဌာန်းချက်များကိုသာ ညွှန်းဆိုနေခြင်းကို တွေ့ရပါတယ်။ ထုတ်ပြန်တဲ့ ညွှန်ကြားချက်က မြေလွတ် မြေလပ်နှင့် မြေရိုင်းများကို ဖေါ်ထုတ်စိုက်ပျိုး၍ သီးနှံစိုက်ပျိုးထုတ်လုပ်မှု တည်ငြိမ်လာသည့်အခါ လယ်ယာမြေ အဖြစ် ပြောင်းလဲသတ်မှတ်ရန် လုပ်ထုံးလုပ်နည်း ညွှန်ကြားချက် ဖြစ်ပါတယ်။

လယ်ယာမြေဥပဒေ ပုဒ်မ ၃၄ မှာ “မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီက စိုက်ပျိုး ရေးနှင့်မွေးမြူရေးလုပ်ငန်းများအတွက် လုပ်ပိုင်ခွင့် သို့မဟုတ် အသုံးပြုခွင့် ပေးထားသည့် မြေလွတ် မြေလပ်နှင့် မြေရိုင်းများနှင့် စပ်လျဉ်း၍ သီးနှံစိုက်ပျိုးထုတ်လုပ်မှုတည်ငြိမ်လာသည့်အခါ လယ်ယာမြေအဖြစ်သတ်မျတ်ပြီး ဤဥပဒေတွင် အကျုံးဝင်စေရမည်..” လို့ ပြဌာန်းထားပြီး လယ်ယာမြေ နည်းဥပဒေ အခန်း(၄)၊ အပိုဒ် ၃၅၊ ၃၆၊ ၃၇၊ ၃၈၊ ၃၉၊ ၄၀၊ ၄၁၊ ၄၂၊ ၄၃၊ ၄၄၊ ၄၅၊ ၄၆ များမှာ မြေလွတ်မြေလပ်နှင့် မြေရိုင်းမှ လယ်ယာမြေအဖြစ် ပြောင်းလဲနိုင်ရေး လုပ်ငန်းစဉ်များကို အသေးစိတ် ဖေါ်ပြ ပြဌာန်းခဲ့ပါတယ်။ အဲဒီ လုပ်ငန်းစဉ်မှာ အဓိက ကျတဲ့ ခွင့်ပြုချက် ရရှိထားသော မြေလွတ်မြေရိုင်းကို သတ်မှတ် စည်းကမ်းချက်များနှင့်အညီ သတ်မှတ်ကာလအတွင်း ဖေါ်ထုတ်စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးလုပ်ကိုင်မှု တည်ငြိမ်သည့် အခြေအနေ ရောက် မရောက် ဆိုတာကို စိစစ်ရမဲ့ အချက်များအား မြေလွတ်မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုကော်မတီမှ (၈-၄-၂၀၁၇) ရက်စွဲပါ စာအမှတ် ၁၂/မလရ-၂(၀၅၃/၂၀၁၇) ဖြင့် ညွှန်ကြားလိုက်ခြင်း ဖြစ်ပါတယ်။

ယခု ထုတ်ပြန်လိုက်တဲ့ မြေလွတ် မြေရိုင်း လုပ်ပိုင်ခွင့်ရ မြေအဖြစ်မှ လယ်ယာမြေအဖြစ် ပြောင်းလဲနိုင်ရန် စိစစ် ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်း ညွှန်ကြားချက် အပေါ် Reaction အတော် တက်ကြတာ အပြန်အလှန် ဝေဖန်ကြတာ တွေ့ရပါတယ်။ ၂ ဘက် အမြင်တွေ ဖတ်ရပါတယ်။

ကျွန်တော်လည်း မြေလွတ်မြေရိုင်း လုပ်ပိုင်ခွင့်ရ မြေအဖြစ်မှ လယ်ယာမြေလုပ်ပိုင်ခွင့်ရ မြေအဖြစ် ပြောင်းလဲ ပေးခြင်းအပေါ် ဆောင်းပါးတစ်စောင် ရေးသားပြီး ၂၀၀၆ ဇန်န၀ါရီလပိုင်းက Online ပေါ် တင်ဘူးပါတယ်။
 “ ဘယ်သူ့အတွက်လဲ..? ” ဆိုတဲ့ ခေါင်းစည်းနဲ့ပါ။ တင်ပြထားချက်ကတော့..

မြေလွတ်မြေလပ်နှင့် မြေရိုင်း လုပ်ပိုင်ခွင့် အသုံးပြုခွင့် ရရှိထားသူအား လယ်ယာစိုက်ပျိုးမြေ လုပ်ပိုင်ခွင့် ပြောင်းလဲ လျှောက်ထားခွင့် ပေးသင့် မသင့်မှာ အောက်ပါအချက်များအရ ပြန်လည် စဉ်းစားသင့်ကြောင်း..

  (၁) လုပ်ငန်းရှင်အား အချိန်ကာလ တစ်ရပ်အတွက်သာ အသုံးပြုခွင့် ပေး၊အငှါးချထားသည့် အစိုးရမှ စီမံချထားနိုင်သည့် State Land အတွင်း အပါအ၀င်ဖြစ်သော မြေလွတ်မြေရိုင်းအား လွှဲပြောင်း ရောင်းချ အမွေဆက်ခံနိုင်သည့် ပုဂ္ဂလိကပိုင် လယ်ယာမြေအဖြစ် ပြောင်းလဲပေးရမည် ဖြစ်ခြင်းကြောင့် မူလကပင် အခွင့်ထူးခံ မြေဧရိယာ အမြောက်အများ ရရှိထားသူ လုပ်ငန်းရှင်သာ အကျိုး ဖြစ်ထွန်းစေပြီး နိုင်ငံတ်ေနှင့် တောင်သူလယ်သမား အများစု အတွက် အကျိုး မပြုခြင်း။

(၂) မြေရိုင်းလုပ်ခွင့်ရသူအား စိုက်ပျိုးမှုအဖြစ် အဖြစ် နှစ်ရှည်စိုက်ခွန် ၃၀၀၀ိ/- ဥယျာဉ်ခြံစိုက် ခွန် ၂၀၀၀ိ/၊ ရာသီသီးနှံစိုက်ခွန် ၁၀၀၀ိ/ ထမ်းဆောင်နေစေရာမှ လယ်ယာမြေအဖြစ် ပြောင်းလဲသတ်မှတ်လျှင် နီးစပ်ရာမြေမျိုးနှုန်းအရသာ စည်းကြပ်ရမည် ဖြစ်၍ အများဆုံး လယ်ခွန် ၃ိ မှ ၅ိ/-သာ ဆောင်ရမည်ဖြစ်ရာ နိုင်ငံတော်အတွက် မြေခွန် အဆပေါင်း များစွာ နစ်နာ ဆုံးရှုံးခြင်း။

(၃) မြေလွတ်မြေရိုင်းသည် နိုင်ငံတော်မြေ ဖြစ်သဖြင့် လုပ်ပိုင်ခွင့်ချထားသူထံမှ အကြောင်းတစ်ရပ်ရပ်အရ ပြန်လည် သိမ်းယူရမည်ဆိုပါက ယင်းမြေအတွက် လျော်ကြေးပေးရန် အာမ မခံထားဘဲ နစ်နာကြေးကိုသာ ပေးရန် ပြဌာန်းထားရာမှ လယ်ယာမြေအဖြစ်သို့ ပြောင်းလဲသတ်မှတ်ပေးပါက နိုင်ငံတော်၏ လိုအပ်ချက်အရ ပြန်သိမ်းယူရာတွင် လယ်ယာမြေဥပဒေတွင် သတ်မှတ်ထားသော မြေလျော်ကြေး ပေးချေရန် နိုင်ငံတော်တွင် တာဝန် ပိုလာခြင်း။

- .. စတဲ့ အချက်များ ဖေါ်ပြ သုံးသပ် တင်ပြခဲ့ပါတယ်။

အမှန်တော့ မြေလွတ်မြေရိုင်း လုပ်ပိုင်ခွင့် နှစ်(၃၀) လုပ်ပိုင်ခွင့် ရရှိထားမြေကို လယ်ယာမြေအဖြစ် ပြောင်းလဲ ပေးဘို့ လယ်ယာမြေ ဥပဒေမှာ ထည့်သွင်းပြဌာန်းစဉ် ကတည်းက

(၁) မြေရိုင်းကို အရင်းအနှီး စိုက်ထုတ်၊ မြေယဉ် ဖြစ်လာအောင် တပင်တပန်း ခုတ်ထွင် ကြိုးပမ်း စိုက်ပျိုးလာတဲ့သူကို လုပ်ကိုင်ပိုင်ဆိုင်ခွင့် ပေးသင့်တယ်၊ Title ပေးနိုင်ဘို့ လယ်ယာမြေအဖြစ် ပြောင်းလဲ မှတ်ပုံတင်ခွင့် ပေးသင့်တယ် ဆိုတဲ့ အုပ်စုနဲ့

(၂) ကုမ္ပဏီတွေ၊ ဌာန အဖွဲ့အစည်းတွေဟာ မြေလွတ်မြေရိုင်းစီမံခန့်ခွဲရေးဥပဒေပါ မြေဧရိယာ အများအပြား လျှောက်ထားရယူနိုင်ခွင့် ကို အသုံးချပြီး ဒေသခံ တောင်သူလယ်သမားတွေနဲ့ လုပ်ကွက်ငယ် တောင်သူလယ်သမားတွေရဲ့ လုပ်ခွင်တွေ ကို သိမ်းယူသွားသူများ ဖြစ်တဲ့အတွက် အခွင့်ထူးခံများ ခံစားပြီး ဖြစ်ရာ အစိုးရပိုင် လွှဲပြောင်းရောင်းချခွင့် မရှိတဲ့ မြေရိုင်းကို ၄င်းတို့ပိုင်၊ Co., ပိုင် လွှဲပြောင်း ရောင်းချ အမွေဆက်ခံနိုင်တဲ့ လယ်ယာမြေအဖြစ် ပြောင်းမပေးသင့်ဘူး ဆိုတဲ့ အုပ်စု

ဆိုပြီး သဘောထား ကွဲလွဲမှု ရှိခဲ့ပါတယ်။

ထို့အပြင် “ မြေလွတ်မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုကော်မတီက စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ အတွက် လုပ်ပိုင်ခွင့် အသုံးပြုခွင့် ပေးထားသည့် မြေလွတ် မြေလပ်နှင့် မြေရိုင်းများနှင့် စပ်လျဉ်း၍ သီးနှံ စိုက်ပျိုး ထုတ်လုပ်မှု တည်ငြိမ်သည့်အခါ လယ်ယာမြေအဖြစ် ပြောင်းလဲ သတ်မှတ်ပြီး ဤဥပဒေတွင် အကျုံးဝင် စေရမည် “ ဟု လယ်ယာမြေဥပဒေ ပုဒ်မ ၃၄ မှာ ပြဌာန်းထားတဲ့ စကားရပ်ကိုလည်း စကားလုံး မလိုအပ်ဘဲ ဖေါင်းပွ နေတယ်ဆိုပြီး ဝေဖန်ကြပါတယ်။ (..ဟုတ်ပ..သီးနှံစိုက်ပျိုးထုတ်လုပ်မှု တည်ငြိမ်သည့်အခါ လို့ ဆိုထားတဲ့အတွက် VFV Law မှာ ခွင့်ပြုတဲ့ အမျိုးအစား ၄ မျိုးအနက် စိုက်ပျိုးရေးအတွက် ခွင့်ပြုထားတဲ့ အမျိုးအစားသာ သက်ဆိုင် မှာ ဖြစ်ပေမဲ့ ဘာကြောင့် ပုဒ်မ ၃၄ မှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအတွက် ဆိုပြီး စိုက်ပျိုးရေးသာမက မွေးမြူရေး လုပ်ငန်းအတွက် ခွင့်ပြုခဲ့တဲ့မြေကိုပါ ဆွဲထည့်ထားတယ် မသိပါ။)

အခု ကျွန်တော် ဆွေးနွေး တင်ပြချင်တာက မြေလွတ်မြေရိုင်းမှ လယ်ယာမြေ အဖြစ် ပြောင်းလဲသတ်မှတ်ရေး ကိစ္စမှာ လယ်ယာမြေနည်းဥပဒေနှင့် ညွှန်ကြားချက်ပါ လုပ်ထုံးလုပ်နည်းများ၊ သည် ဥပဒေကြောင်းအရ ဘောင် ၀င် မ၀င် စဉ်းစားဖွယ် ဖြစ်နေရခြင်းကို ထောက်ပြလိုခြင်း ဖြစ်ပါတယ်။

“လယ်ယာမြေ ဥပဒေ” နဲ့ “မြေလွတ် မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ” ၂ ရပ်ဟာ ပြည်ထောင်စု လွှတ်တော် က တစ်နေ့တစ်ရက်တည်း (၃၀-၃-၂၀၁၂) မှာ ပြဌာန်းပေးလိုက်တဲ့ ဥပဒေများ ဖြစ်ပါတယ်။ မြေလွတ်မြေရိုင်းစီမံခန့်ခွဲရေး ဥပဒေက ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ်(၁၀) ဖြစ်ပြီး လယ်ယာမြေ ဥပဒေက ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ်(၁၁) ဖြစ်ပါတယ်။ ဥပဒေ အမျိုးအစား မတူသလို စီမံ ခန့်ခွဲရမည့် မြေအမျိုးအစားလည်း ကွဲပြားပါတယ်။ စီမံခန့်ခွဲခွင့်အာဏာ အပ်နှင်းခံရတဲ့ အဖွဲ့ချင်း မတူညီ သည့်အပြင် လုပ်ပိုင်ခွင့်အာဏာလည်း ခွဲခြား ထားပါတယ်။

မျက်စိထဲ မြင်အောင် ပြောရရင် မြေအမျိုးအစားမှာ လယ်ယာမြေနဲ့ မြေလွတ်မြေရိုင်း၊ စီမံအုပ်ချုပ်ခွင့် အာဏာပိုင် အဖြစ်လည်း လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ အဆင်ဆင့်နှင့် မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟို ကော်မတီ ဆိုပြီး တသီးတသန့်စီ ရှိနေတာ ဖြစ်ပါတယ်။

ဥပဒေ ၂ ရပ်မှာ အဓိကအားဖြင့် မြေယာစီမံခန့်ခွဲတဲ့ အဖွဲ့အစည်းတွေရဲ့ လုပ်ပိုင်ခွင့်ကျ အတော်ခြားနား သွားပါတယ်။

လယ်ယာမြေဥပဒေမှာ လယ်ယာမြေစီမံခန့်ခွဲမှု ကိစ္စရပ်တွေကို အဆင့်
လိုက် လုပ်ပိုင်ခွင့်ပေးထားပါတယ်။ ဗဟို၊ ပြည်နယ် သို့မဟုတ် တိုင်းဒေသ
ကြီး၊ ခရိုင်၊ မြို့နယ်နဲ့ ရပ်/ကျေးအဆင့် လယ်စီအဖွဲ့များမှာ သူ့အဆင့်နဲ့သူ တာဝန်နှင့် လုပ်ပိုင်ခွင့်များ အပ်နှင်းထားပါတယ်။ မြေယာကိစ္စရပ်များ၊ အငြင်းပွါးမှုများကို အဆင့်လိုက် စိစစ် ဖြေရှင်း ဆုံးဖြတ်နိုင်ခွင့်များ ရရှိပါတယ်။ လယ်ယာမြေဥပဒေ ပုဒ်မ ၁၅ အရ ပြည်ထောင်စု အစိုးရအဖွဲ့က ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးပြီး ပုဒ်မ ၁၆ အရ ဗဟိုလယ်စီက အောက်ခြေ လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့အဆင့်ဆင့်ကို ဖွဲ့စည်းပေးရပြီး ပုဒ်မ ၁၇ အရ ယင်းအဖွဲ့များ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ သတ်မှတ် အပ်နှင်းထားပါတယ်။

မြေလွတ် မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေမှာကတော့ ပုဒ်မ ၃ အရ နိုင်ငံတော်သမ္မတက ဗဟိုကော်မတီကို ဖွဲ့စည်းပေးရပြီး လက်အောက် မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီ အဆင်ဆင့် ဖွဲ့စည်း တာဝန်ပေးထားတာ မရှိသလို ဖွဲ့စည်းဆောင်ရွက်ရန် ပြဌာန်းချက်လည်း
 မြေလွတ်မြေရိုင်းဥပဒေမှာ မပါ၇ှိပါဘူး။ ပုဒ်မ ၁၇ နဲ့ ပုဒ်မ ၁၈ မှာသာ ဗဟိုကော်မတီ မှ စိစစ် သုံးသပ်ခြင်းများ ညှိနှိုင်းခြင်းများ ဆောင်ရွက်နိုင်ရန်အတွက်နဲ့ စည်းကမ်းချက်များ လိုက်နာမှု ရှိ မရှိ စိစစ်ရန် ပြည်နယ်/တိုင်းဒေသကြီးများတွင် လုပ်ငန်း အဖွဲများ (မြေလွတ် မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး လုပ်ငန်း အထောက်အကူပြု အဖွဲ့) ဖွဲ့စည်းတာဝန် ပေးရန်နှင့် အထူးအဖွဲ့များ အခါအားလျော်စွာ ဖွဲ့စည်းတာဝန်ပေးရန်ဟုသာ ပြဌာန်းထားပါတယ်။ ပြည်နယ်/တိုင်းဒေသကြီး လုပ်ငန်းအဖွဲ့ Task Force များဟာ မြေလွတ်မြေရိုင်း ကိစ္စနဲ့ ပတ်သက်ပြီး စီရင်ဆုံးဖြတ်ပိုင်ခွင့် မရှိပါဘူး။ နည်း ၁၃၊ ၁၄၊ နှင့် ၁၅ အရ လျှောက်ထားအမှုတွဲကို စစ်ဆေးခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့သို့ တင်ပြ သဘောထား မှတ်ချက် ရယူခြင်း၊ ဗဟိုကော်မတီ သို့ ဆက်လက် တင်ပြခြင်းများကိုသာ ဆောင်ရွက်ရန် ပြဌာန်းထားပါတယ်။ မြေလွတ်မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ တစ်ခုတည်းသာ နည်းဥပဒေ ၁၇ အတိုင်း မြေလွတ်မြေရိုင်းများကို ခွင့်ပြုခြင်း၊ ငြင်းပယ်ခြင်း ပြုနိုင်တဲ့ အာဏာပိုင်ဖြစ်ပါတယ်။ လယ်ယာမြေဥပဒေမှာ အာဏာပိုင် ၅ ဆင့် ၅ ဖွဲ့ ဖြစ်သော်လည်း မြေလွတ်မြေရိုင်း စီမံခန့်ခွဲရေး ဥပဒေမှာ လုပ်ပိုင်ခွင့်ရှိတဲ့ အာဏာပိုင်ဟာ တစ်ဆင့်တည်းသာ ဖြစ်ပါတယ်။ ဗဟိုကော်မတီ ဖြစ်ပါတယ်။

ဥပဒေ ၂ ရပ်ရဲ့ တရားကိုယ်သဘောအရ လယ်ယာမြေများကို လုပ်ပိုင်ခွင့်ပေးတာ၊ ငြင်းပယ်တာက လယ်ယာ မြေဥပဒေ ပြဌာန်းချက်များအရ ဆောင်ရွက်ရန်ဖြစ်ပြီး မြေလွတ်မြေရိုင်းများကို ခွင့်ပြုတာ၊ ငြင်းပယ်တာ၊ လုပ်ပိုင်ခွင့် ပြန်လည် ပယ်ဖျက်တာ ရုပ်သိမ်းတာက မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စိမံခန့်ခွဲရေး ဥပဒေအရ ဆောင်ရွက်ရမှာ ဖြစ်တယ် ဆိုတာ ထင်ရှားနေပါတယ်။ တစ်ဖက်က လယ်ယာမြေအတွက် လယ်စီအဖွဲ့အဆင့်ဆင့်မှ တာဝန်ခံဆောင်ရွက်ပြီး ဒီဖက်မှာက မြေရိုင်းများအတွက် မြေလွတ်မြေရိုင်း စီမံခန့်ခွဲရေး ဗဟိုကော်မတီ တစ်ဖွဲ့တည်းက တာဝန်ခံ ဆောင်ရွက်ရန် ဖြစ်ပါတယ်။

အဲဒီမှာ ပြဿနာ စပါတယ်။

ကျွန်တော်တို့ လေ့ကျင့်သင်ကြားခဲ့ပြီး ယနေ့တိုင် အသုံးချနေတဲ့ မြေနှင့်အခွန်တော်ဥပဒေများ၊ မြို့နှင့်ကျေးရွာမြေများ ဥပဒေ စတဲ့ မြေယာစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများမှာ အကြောင်းရပ်တူရင် စပ်ဆိုင်တဲ့ ဥပဒေတွေကို Cross Reference လုပ်ပေးထားတတ်ပါတယ်။ ဘယ်ဥပဒေ ဘယ်ပုဒ်မမှာ ဘယ်လို ဆိုတာ ညွှန်းပါတယ်။ (အောက်ခြေမှတ်စုမှာ ပြလေ့၇ှိပါတယ်။) အခု လယ်ယာမြေ ဥပဒေနဲ့ မြေလွတ်မြေရိုင်း စီမံခန့်ခွဲရေး ဥပဒေကျတော့ မြေအသုံးချဥပဒေများဖြစ်သော်လည်း တစ်ခုနဲ့ တစ်ခု ဆက်စပ်မှုကို ညွှန်းဆို ပြသမှု မ၇ှိဘဲ ကိုယ့်ဥပဒေနဲ့ကိုယ် ကိုယ်ထင်သလို ကိုယ်ယူဆသလို ပြဌာန်း ညွှန်ကြားသွားတဲ့အခါ ဥပဒေချင်း ငြိစွန်းမှု သဘော ဖြစ်လာပါတယ်။

လယ်ယာမြေဥပဒေ ပုဒ်မ ၃၄ မှာ မြေလွတ်မြေရိုင်းမှ လယ်ယာမြေအဖြစ် ပြောင်းလဲသတ်မှတ်နိုင်ကြောင်း ဖေါ်ပြပြီး နည်းဥပဒေ အခန်း(၄)၊ အပိုဒ် ၃၅ မှ ၄၅ အထိမှာ ပြောင်းလဲ သတ်မှတ်ရမည့် လုပ်ငန်းစဉ်များ ပြဌာန်း ပေးခဲ့ပါတယ်။ သို့သော် မြေလွတ်မြေရိုင်း စီမံခန့်ခွဲရေး ဥပဒေ၊ နည်းဥပဒေများမှာရော၊ မြေလွတ်မြေရိုင်း လုပ်ပိုင်ခွင့် ရသူအတွက် သတ်မှတ် စည်းကမ်းချက်များမှာရော လယ်ယာမြေဥပဒေ ပုဒ်မ ၃၄ မှာ ပြထားသကဲ့သို့ မြေလွတ် မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီက စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ အတွက် လုပ်ပိုင်ခွင့် သို့မဟုတ် အသုံးပြုခွင့် ပေးထားသည့် မြေလွတ် မြေလပ်နှင့် မြေရိုင်းများနှင့် စပ်လျဉ်း၍ သီးနှံစိုက်ပျိုး ထုတ်လုပ်မှုတည်ငြိမ်လာသည့်အခါ လယ်ယာမြေအဖြစ် ပြောင်းလဲခွင့် ပေးမည်၊ ပြောင်းလဲနိုင်သည် ဆိုတဲ့ စကားရပ် ဖေါ်ပြထားတာ လုံးဝ မတွေ့ရပါဘူး။ ထိုသို့ ပြောင်းလဲနိုင်ရန်အတွက် မြေလွတ်မြေရိုင်း လုပ်ငန်းအထောက်အကူပြုအဖွဲ့များနှင့် ဗဟိုကော်မတီက မည်သို့ဆောင်ရွက်ပေးရမည် ဆိုသည့် နည်းလမ်းများလည်း မပြဌာန်းခဲ့ပါဘူး။ ဒိတော့ မြေရိုင်းက လယ်ယာမြေ အဖြစ် ပြောင်းနိုင်းတယ်ဆိုတာနဲ့ လုပ်နည်းက လယ်ယာမြေဥပဒေမှာသာ ပါပြီး အဓိက မြေလွတ် မြေရိုင်းလုပ်ပိုင်ခွင့် ခွင့်ပြုထားတဲ့ မြေလွတ်မြေရိုင်း စီမံခန့်ခွဲရေးဥပဒေမှာ မပါခဲ့ပါ။ ဗဟိုကော်မတီနှင့် လုပ်ငန်းအဖြွ့များ၏ လုပ်ပိုင်ခွင့်
 တွင်လည်း မဖေါ်ပြထားပါ။ အမှန်က မြေလွတ် မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေမှာ လယ်ယာမြေ ဥပဒေ ပုဒ်မ ၃၄ နှင့် ချိတ်ဆက်မှု လုပ်ထားရမှာကို လုပ်မထားပါဘူး။

နောက်တချက် ဆိုးတာက ဥပဒေချင်း နားရွက် တံတွေး သွားဆွတ်တာပါဘဲ။ ကိုယ့်ဥပဒေမှာ ထည့်ထားပြီး တစ်ဖက်ဥပဒေ မှာ ပါပါ မပါပါ ..ဒီတိုင်းလုပ်ရမယ်..ဆိုပြီး တစ်ဖက်ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့ ညှိနှိုင်းပေါင်းစပ်မှု မ၇ှိဘဲ တဖက်သတ်ဆန်တဲ့ ငါ တကော ကောတဲ့ ကိစ္စပါ။

မြေလွတ်မြေလပ်နဲ့ မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေမှာ တစ်ခုတည်းသော အာဏာပိုင်ဟာ ဗဟိုကော်မတီသာ ဖြစ်ပါတယ်။ မြေလွတ်မြေရိုင်းများကို စီမံခန့်ခွဲခြင်း၊ လုပ်ပိုင်ခွင့်ပေးခြင်း၊ ရုပ်သိမ်းခြင်းစတဲ့ ကိစ္စအ၀၀ ကို ကိုင်တွယ် ဆောင်ရွက်ပိုင်ခွင့် အာဏာဟာ ဗဟိုကော်မတီမှာဘဲ ရှိပါတယ်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လုပ်ငန်းအဖွဲ့သည် မြေလွတ်မြေရိုင်း လုပ်ပိုင်ခွင့် ချပေးနိုင်ခွင့် မရှိသလို လုပ်ပိုင်ခွင့် ချထားမှုများကို ပယ်ဖျက်ခွင့် အခြားလုပ်ပိုင်ခွင့်သို့ ပြောင်းလဲစေခွင့် လုပ်ပေးခွင့် အတည်ပြုပေးခွင့် မရှိပါဘူး။ နည်းဥပဒေများမှာ ပြဌာန်းထားချက်များအရ လုပ်ငန်းအဖွဲ့များသည် လျှောက်ထားမှုများကို ဗဟိုကော်မတီက မြေရိုင်း လုပ်ပိုင်ခွင့် ချပေးနိုင်ရန် သတ်မှတ်ထားချက်များနှင့် ညီ မညီ စိစစ်ပြီး တိုင်းဒေသကြီး/ ပြည်နယ် အစိုးရ အဖွဲ့များ၏ သဘောထားမှတ်ချက် ရယူ၍ ဗဟိုကော်မတီသို့ အမှုတွဲ တင်ပြရမည့် တာဝန်သာ အပ်နှင်း ထားပါတယ်။ လုပ်ပိုင်ခွင့်အမျိုးအစား ပြောင်းလဲနိုင်ရေးအတွက် စစ်ဆေးခြင်း၊ လုပ်ပိုင်ခွင့် အမျိုးအစား ပြောင်း လဲပေးရန် ထောက်ခံခြင်းများ စသည်တို့ကို ဆောင်ရွက်ဘို့ ပြဌာန်းထားခြင်း၊ တာဝန်ပေးထားခြင်း မတွေ့ရပါဘူး။ ထို့အတူ လုပ်ငန်းအဖွဲ့များအနေနဲ့ မြေလွတ်မြေရိုင်း လုပ်ပိုင်ခွင့် လျှောက်ထားမှု အမှုတွဲများ၊ အာမခံကြေး ပြန်ထုတ်ပေးရန်အတွက် မြေပြင် ပြီးပြေမှု အခြေအနေ စစ်ဆေးမှုများကို ဗဟို မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံ ခန့်ခွဲရေး ဗဟိုကော်မတီသို့ အစီရင်ခံရမည်ဖြစ်ကြောင်း ဖေါ်ပြထားသော်လည်း ဗဟိုလယ်စီနှင့် လယ်စီအဖွဲ့ အဆင့်ဆင့်သို့ စိစစ်တင်ပြရန် ထောက်ခံချက် ပေးရန် တာဝန်သတ်မှတ်ထားမှုများ မြေလွတ်မြေရိုင်း ဥပဒေမှာ မတွေ့ရပါဘူး။

သို့ဆိုပါလျှင် လယ်ယာမြေနည်းဥပဒေ အပိုဒ် ၃၆ တွင် .." သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် အညီ ဖေါ်ထုတ် စိုက်ပျိုးပြီးနောက် စိုက်ပျိုးလုပ်ကိုင်ပြီးစီးမှု တည်ငြိမ်သည့် အခြေအနေ ရောက်ရှိနေကြောင်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး လုပ်ငန်းအထောက်အကူပြု အဖွဲ၏ စိစစ်ထောက်ခံချက် ပူးတွဲတင်ပြရမည်.. " ဟူသော ပြဌာန်းချက်သည် ဥပဒေကြောင်းနှင့် ညီ မညီ စိစစ် ရမည် ဖြစ်ပါတယ်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လုပ်ငန်းအဖွဲ့ ဖြစ်တဲ့ မြေလွတ်မြေလပ်နှင့် မြေရိုင်းများ လုပ်ငန်း အထောက်အကူပြု အဖွဲ့သည် မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ မှ ဖွဲ့စည်း တာဝန် ပေးထားသည့် လက်အောက် အဖွဲ့ ဖြစ်ပါတယ်။ ယင်းအဖွဲ့ကို Independent လှုပ်ရှားဆောင်ရွက်နိုင်ခွင့် ပေးမထားပါဘူး။ သူတို့ရဲ့ စိစစ်ချက် စစ်ဆေးချက် အားလုံးသည် သူတို့ကိုယ်တိုင် Dicision ချပိုင်ခွင့် မ၇ှိဘဲ ဗဟိုကော်မတီသို့ တင်ပြ အဆုံးအဖြတ် ခံယူစေရန်သာ တာဝန်ပေးထားတဲ့ အဖွဲ့ဖြစ်ပါတယ်။
ယခု ယင်း အဖွဲ့က မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီက မြေလွတ် မြေရိုင်း လုပ်ပိုင်ခွင့် ချပေးထားတဲ့မြေကို လယ်ယာမြေအဖြစ် မြေပြောင်းလဲ သတ်မှတ်ပေးနိုင်ရန်အတွက် မြေပေါ် စိုက်ပျိုးပြီးစီးမှုအခြေအနေနဲ့ စိစစ်ထောက်ခံချက်ကို
  မြေလွတ်မြေရိုင်း စီမံခန့်ခွဲရေး ဗဟိုကော်မတီထံ အတည်ပြုချက်၊ ခွင့်ပြုချက် တောင်းခံရန်၊ တင်ပြရန်၊ မလိုဘဲ လယ်စီအဖွဲ့များသို့ တင်ပြ ပေးနိုင်ပါသလားဆိုတာ စဉ်းစားစရာ ဖြစ်ပါတယ်။ လုပ်ငန်းအဖွဲ့၏ စိစစ်မှုကို မြေလွတ်မြေရိုင်းဗဟိုကော်မတိထံ တင်ပြ၍ အတည်ပြုချက်ရယူစေခြင်း၊ ဗဟိုကော်မတီ၏ စိစစ်မှု ခံယူစေခြင်း၊ လိုအပ်သော ညွှန်ကြားချက် ရယူစေခြင်းများ ဖြစ်သင့်ပါလျှက် မြေလွတ်မြေရိုင်း အာဏာပိုင် ဖြစ်သည့် မြေလွတ် မြေရိုင်း စီမံခန့်ခွဲရေး ဗဟိုကော်မတီအား လူရာမသွင်းဘဲ ယင်းဗဟိုကော်မတီအောက်ရှိ လုပ်ပိုင်ခွင့်မရှိသည့် တိုင်းဒေသကြီး/ ပြည်နယ် လုပ်ငန်းအဖွဲ့ အား စိစစ်ထောက်ခံချက် ပေးခိုင်းခြင်းသည် တစ်ဖက်အဖွဲ့အစည်း၏ လုပ်ပိုင်ခွင့်ကို ကျော်နင်းသည့် သဘော သက်ရောက် ပါတယ်။ မူလ မြေလွတ် မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေတွင် ထိုသို့ ဆောင်ရွက်နိုင်သည်ဟု အခွင့် အာဏာအပ်နှင်း မထားသော လုပ်ငန်းအဖွဲ့၏ လယ်စီအဖွဲ့များထံ ပေးပို့သည့် စိစစ်ထောက်ခံချက်သည်လည်း တရား ၀င် မ၀င် ဆင်ခြင် သုံးသပ်ဖွယ်ဖြစ်ပါတယ်။

ယခု CCVFV (Central Committee for the Management of Vacant, Fallow and Virgin Lands) မှ ထုတ်ပြန်သော ညွှန်ကြားချက်သည် မူလ မြေလွတ်မြေရိုင်း ဥပဒေတွင် မပါခဲ့သော လုပ်ငန်းအဖွဲ့မှ စိစစ် ရမည့် အချက်အတွက် ညွှန်ကြားခြင်း ဖြစ်သဖြင့် မြေလွတ်မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများဖြင့် ချိတ်ဆက် ညွှန်ကြားရမည် ဖြစ်သော်လည်း မြေလွတ်မြေရိုင်း ဥပဒေပိုင်းနှင့် ဆက်စပ်သည့် စကားရပ် အသုံးအနှုန်းများ ဥပဒေ ၂ ရပ် ချိတ်ဆက်မှုများ မပါဝင်ဘဲ အားနည်းနေပါတယ်။ မြေလွတ်မြေရိုင်း လုပ်ငန်းအဖွဲ့များက လယ်ယာမြေဥပဒေ ပုဒ်မ ၃၄၊ နည်း ၃၆ အရ စိစစ်မှုများကို ဗဟိုကော်မတီသို့ မည်သို့ တင်ပြ အတည်ပြုချက် ရယူပြီးမှ လယ်စီအဖွဲ့ များထံ ပေးပို့ရန် စသည့် မြေလွတ်မြေရိုင်းဗဟိုကော်မတီ၏ ကွပ်ကဲမှုကို ရယူ ဖေါ်ပြထားသော CCVFV ၏ မူဝါဒ
 ညွှန်ကြားချက် ဖြစ်သင့်ပါလျှက် ထိုသို့ မဟုတ်မူဘဲ လယ်ယာမြေဥပဒေပါ ပြဌာန်းချက်များကိုသာ ဆောင်ရွက်ရန် ဖေါ်ပြခြင်းသည် မြေလွတ်မြေရိုင်းဗဟိုကော်မတိမှ လုပ်ငန်းအဖွဲ့သို့ လုပ်ငန်းလမ်းညွှန်ချက် ပေးသည်ဟု မဆိုနိုင်ပါ။ ဥပဒေတွင် မပါသေးသည့်အချက်ကို ဗဟိုမှ လုပ်ငန်းအဖွဲ့သို့ ရှင်းလင်း ညွှန်ကြား တာဝန်ပေးသည် မမည်ပါ။

လက်ရှိ လယ်ယာမြေဥပဒေပါ မြေလွတ်မြေရိုင်းမှ လယ်ယာမြေအဖြစ် ပြောင်းလဲသတ်မှတ်ရေး လုပ်ထုံး လုပ်နည်းများအရမူ မြေလွတ် မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီထံမှ ၄င်း၏ လုပ်ပိုင်ခွင့် ချထား ခဲ့မှုကို ပြန်လည် ပယ်ဖျက်ခြင်း၊ လယ်ယာမြေအဖြစ်ပြောင်းရန် အတည်ပြုခြင်းများ တောင်းခံရန် မလိုအပ်ဘဲ ပြည်နယ်/ တိုင်းဒေသကြီး လုပ်ငန်းအဖွဲ့ အဆင့်မှ ထောက်ခံရုံမျှဖြင့်ပင် လယ်ယာမြေအဖြစ် ပြောင်းနိုင်သည့် သဘော ဖြစ်နေ ပါသည်။ မြေလွတ်မြေရိုင်း လုပ်ပိုင်ခွင့် ပြုခဲ့သည့် အာဏာပိုင်ဖြစ်သော မြေလွတ် မြေလပ်နှင့် မြေရိုင်းများ စီမံ ခန့်ခွဲရေး ဗဟိုကော်မတီသည် ၄င်းမှ လုပ်ခွင့်အမိန့် ချခဲ့မှုကို ၄င်းမှ ပြန်လည် မရုပ်သိမ်းရပါဘဲလျက် တနည်းဆိုသော် ဗဟိုကော်မတီပင် မသိလိုက်ရဘဲ၊ မစိစစ်လိုက်ရဘဲ မြေလွတ်မြေရိုင်း လုပ်ပိုင်ခွင့်ရမြေများ လယ်ယာ မြေအဖြစ်သို့ ပြောင်းသွားနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။

သို့ဆိုပါက ဘာဖြစ်မည်နည်း။..

မြေလွတ်မြေ၇ိုင်းများကို ခွင့်ပြုခြင်း၊ ချထားခြင်း၊ လုပ်ပိုင်ခွင့် ပြန်လည် ပယ်ဖျက်ခြင်း၊ ငြင်းပယ်ခြင်း များ အားလုံးသည် မြေလွတ် မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီအဆင့်မှသာ အမိန့်ချမှတ်နိုင်သည် ဖြစ်ပါတယ်။ ဗဟိုကော်မတီက ခွင့်ပြုချထားတဲ့ လုပ်ပိုင်ခွင့်ကို ဗဟိုကော်မတီကသာ ပြန်ပယ်ဖျက်နိုင်ပါတယ်။ မြေလွတ် မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ က ခွင့်ပြုထားသည့် အမိန့်ကို မပယ်ဖျက်သေးဘဲ ဒီဖက်ရှိ လယ်စီအဖွဲ့များက လုပ်ငန်းအဖွဲ့၏ ထာက်ခံချက်မျှဖြင့်ပင် ( အထက်၏ ကြီးကြပ်မှုကင်းလွတ်မှုကြောင့် မရိုးမသား ကိစ္စများ၊ မသမာမှုများ မပါဝင်နိုင်ဟု အာမ
 မခံနိုင်ပါ ) လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်ထုတ်ပေးလိုက်သည် ဆိုပါက လုပ်ငန်း၇ှင် အနေ နဲ့ မြေလွတ်မြေရိုင်း ခွင့်ပြုချက် အမိန့်ရော လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်ရော ကိုပါ လုပ်ပိုင်ခွင့် လက်မှတ် ၂ ခု ရနေမှာ ဖြစ်ပါတယ်။ မြေနဲ့ပတ်သက်လျှင် လုပ်ပိုင်ခွင့် Title ကို တစ်မျိုးသာ ခံစားစေရမှာ ဖြစ်ပါတယ်။ မြို့မြေများရှိ Disposal Land တွင် မြေတစ်ရပ်ကို ဂရန်ပေးထားပါက နောက်တစ်ယောက်သို့ ယင်းမြေများအား ဂရန် ထပ်ပေး၍ မရပါ။ ဂရန် သက်တန်းကုန်မှ သော်လည်းကောင်း၊ မူလ ဂရန်ကို ပယ်ဖျက်၍သော်လည်းကောင်း ဖြစ်မှသာ ဂရန်သစ် ချထား နိုင်ပါတယ်။ အခုလည်း မြေလွတ် မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ က မြေလွတ်မြေရိုင်း လုပ်ပိုင်ခွင့် ပေးထားခြင်းကို ပြန်လည်ပယ်ဖျက် သို့မဟုတ် ရုပ်သိမ်းပြီးမှသာ ယင်းမြေကို လယ်ယာမြေအဖြစ် လုပ်ပိုင်ခွင့် ချထားသင့်ပါတယ်။

မြေလွတ်မြေရိုင်း လုပ်ပိုင်ခွင့်ကို ဘယ်သူ ရုပ်သိမ်း ပယ်ဖျက်နိုင်လဲ.ဆိုတော့ . ရှင်းပါတယ်.. မြေလွတ် မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီသာ ဖြစ်ပါတယ်။ လယ်ယာမြေဥပဒေက တဖက်သတ် ပြဌာန်းချက်နဲ့ မြေ
 ပြောင်းလဲပေးသင့်ကြောင်း ဇွတ်အတင်း ထောက်ခံချက်ပေးခိုင်းနေတဲ့ ပြည်နယ်/တိုင်းဒေသကြီး လုပ်ငန်းအဖွဲ့က ပယ်ဖျက်နိုင်ခွင့်မ၇ှိပါ။ ထို့ကြောင့် မြေလွတ်မြေရိုင်း စီမံခန့်ခွဲခြင်းမှာ လုပ်ငန်းအဖွဲ့မျှနှင့် မပြီးနိုင်သဖြင့် မြေလွတ် မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီကိုပါ ဤ လုပ်ငန်းစဉ်တွင် ချိတ်ဆက်ရပါမည်။ ချိတ်ဆက်သင့်ပါတယ်။

ယခု သတ်မှတ်ထားသော လုပ်ငန်းစဉ်မှာ မြေလွတ်မြေရိုင်းမှ လယ်ယာမြေသို့ ပြောင်းရန်အတွက် မူလ လုပ်ပိုင်ခွင့်ပြုထားခဲ့သည့် အာဏာပိုင်ဖြစ်သော မြေလွတ် မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ အား အသိမပေး.. ညှိနှိုင်း အတည်ပြုချက် မယူဘဲ မိမိတို့ စိမံကိုင်တွယ်သည့် ဥပဒေတစ်ရပ်တည်း၌သာ မိမိတို့ လိုချင်သလို ထည့်သွင်း ပြဌာန်း
 ဆောင်ရွက်သည့် သဘော ရှိနေခြင်းကြောင့် ဥပဒေချင်း ကျော်နင်းမှု ဖြစ်သလို တစ်ဖက် ဥပဒေ အာဏာပိုင် အဖွဲ့အစည်း၏ လုပ်ပိုင်ခွင့် အာဏာကို မလိမ့်တပါတ်နှင့် မထေမဲ့မြင်ပြုခြင်းပင် ဖြစ်ပါတယ်။

မြေလွတ်မြေရိုင်း စီမံခန့်ခွဲမှုဆိုတာ ဥပဒေပါ အချက်တွေတင် မကပါဘူး။ လုပ်ပိုင်ခွင့် ချထားမှုတွေရဲ့ ဆောင်ရွက် ပြီးပြေမှုတွေကို လပါတ်၊ ၃ လပါတ် ပြန်တမ်းများ ပြုစု တင်ပြနေရပါတယ်။ လုပ်ပိုင်ခွင့် ခွင့်ပြုချက်ရထားသူ တစ်ဦးချင်းအလိုက် ခွင့်ပြုပုဂ္ဂိုလ်၊ ခွင့်ပြုသည့်မြေ၊ ခွင့်ပြုဧရိယာ၊ တောရှင်းပြီး၊ မြေုပြုပြင်ပြီး၊ ထွန်ယက်ပြီး၊ စိုက်ပျိုးပြီး စတဲ့ လုပ်ငန်း ပြီးစီးမှုတွေကို ပြန်တမ်း ဖြင့် အထက်သို့ တင်ပြနေရပါတယ်။ အခု လယ်ယာမြေဥပဒေ၊ နည်းဥပဒေများမှာ ပြဌာန်းထားသလိုဆိုရင် မြေလွတ်မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေမှာ မပါတဲ့ ၊ ပေးအပ် မထားတဲ့ တာဝန်ဖြစ်တဲ့ မြေလွတ်မြေရိုင်းမှ လယ်ယာမြေအဖြစ် ပြောင်းလဲသတ်မှတ်ရန် စိစစ်ထောက်ခံ ချက် ကို အာဏာပိုင်ဖြစ်တဲ့ မြေလွတ် မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ ၏ အတည်ပြု ခွင့်ပြုချက် မ၇ှိဘဲ.. ဗဟိုကော်မတီမှ မြေရိုင်းအဖြစ် ချထားလုပ်ပိုင်ခွင့်ကို ပြန်မရုပ်သိမ်းစေဘဲ၊ ဗဟိုလယ်စီအဖွဲ့ရဲ့ တောင်းဆိုမှုအရ မြေလွတ်မြေလပ်နှင့် မြေရိုင်း စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့တွေက လယ်ယာမြေပြောင်းလဲပေးရန် စိစစ် ထောက်ခံပေးကြ၊ လုပ်ငန်းအဖွဲ့ ထာက်ခံချက်နဲ့ ဗဟိုလယ်စီကလည်း မြေလွတ်မြေရိုင်း (လုပ်ပိုင်ခွင့် ပြန်မရုပ်သိမ်းရသေးဘဲ) ကို လယ်ယာမြေ အဖြစ် သတ်မှတ်ပြောင်းပေးကြ၊ .. ပုံစံ ၇ ထုတ်ပေးကြ ၊ လုပ်ကြပြီ ဆိုပါတော့..။

ပြည်နယ်/တိုင်း လုပ်ငန်းအဖွဲအဆင့်ရဲ့ ထောက်ခံချက်နဲ့ ပြောင်းလဲ ပေးတာဆိုတော့ မြေလွတ် မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီကလည်း သိချင်မှ သိမယ်။ကာယကံရှင် လက်ထဲက မြေလွတ် မြေရိုင်းလုပ်ပိုင်ခွင့် အမိန့်ကိုလည်း ပြန်မရုပ်သိမ်း၊ အဲဒီ မြေရိုင်း လုပ်ပိုင်ခွင့်ကို ဘယ်လို ပယ်ဖျက် ပြန်သိမ်းရမယ်ဆိုတာ လက်ရှိ မြေလွတ်မြေရိုင်းဥပဒေမှာရော၊ လယ်ယာမြေဥပဒေမှာရော၊ ညွှန်ကြားချက်တွေမှာပါ တစ်လုံးတစ်ပါဒ ဖေါ်ပြမထား မပါရှာလေတော့ မူလ မြေလွတ်မြေရိုင်း လုပ်ပိုင်ခွင့်ကို ဗဟိုကော်မတီကလဲ ပယ်ဖျက်မှု ရှိမယ်မထင်။ ဒီတော့ လစဉ် မြေလွတ်မြေရိုင်း လုပ်ပိုင်ခွင့်ရမြေများ အကောင်အထည်ဖေါ်မှု အခြေအနေ ပြန်တမ်း မှာ ထည့်ပြနေရဦးမှာဘဲ။ တစ်ဖက်ကလည်း ၊ လယ်ယာမြေ စာရင်းမှာလည်း ပုံစံ ၇ အရ ထည့်ပြ..။

အင်း..အောက်မှာ ဘာတွေ ဖြစ်ဦးမလဲတော့ မသိတတ်တော့ပါဘူး။

credit: #ကိုဇော် (နတ်မောက်)
#KopyTaw (DG)
(၁၇-၅-၂၀၁၇)

>>>>
မြေလွတ်မြေရိုင်းမှသည် လယ်ယာမြေအဖြစ် ပြောင်း .. ..အကောင်းလား… အဆိုးလား ... မြေလွတ်မြေရိုင်းမှသည် လယ်ယာမြေအဖြစ် ပြောင်း .. ..အကောင်းလား… အဆိုးလား ... Reviewed by Naethit on Monday, July 10, 2017 Rating: 5

No comments