လုပ်ပိုင်ခွင့်နှင့် တာဝန်ခံမှု

အဖွဲ့အစည်းများတွင် တာဝန်သိမှု၊တာဝန်ယူမှု၊ တာဝန်ခံမှုစသည်ဖြင့် အရေးတယူပြောဆိုနေကြသောအချိန်တွင်မည်မျှလုပ်ပိုင်ခွင့်ရောပေးထားသနည်းဆိုသည့် အချက်ကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်လာမည်ဖြစ်သည်။လုပ်ငန်းဝေါဟာရစကားနှင့်ပြောလျှင်delegation ဖြစ်သည်။ အဖွဲ့အစည်းတစ်ခုတွင် အဆင့်တိုင်းအတွက် သူ့အဆင့်နှင့်သူ၊ လုပ်ပိုင်ခွင့်ထားရှိပေးရပါသည်။ စေခိုင်းသောတာဝန်တွင် လုပ်ပိုင်ခွင့်မရှိပါက လုပ်ကိုင်သောအဆင့်တိုင်းအတွက်အထက်သို့သာအစီရင်ခံခြင်းဖြင့် အချိန်ကုန်တတ်ကြသည်။ အစီရင်ခံခြင်းဆိုသည်မှာလည်း မလိုအပ်သောအရာမဟုတ်၊လိုအပ်သောအရာဖြစ်သည်။ သို့သော်လည်း အဆင့်တိုင်းအတွက် အသေးစိတ်အစီရင်ခံရမှုမျိုးများသည် လုပ်ငန်းခွင်ကိုထိခိုက်စေတတ်သည်။

Delegation ဆိုသည်မှာ အတိုင်းအတာတစ်ခုအထိ တာဝန်ပေးထားခြင်းဖြစ်သည်။ ထိုတာဝန်နှင့်အတူ လုပ်ပိုင်ခွင့်လည်းပါရှိသည်။ တာဝန်ယူဆောင်ရွက်ရသောအပိုင်းဖြစ်သည်။ လုပ်ငန်းအတိုင်း အတာတစ်ခုအထိပြီးမြောက်အောင်ဆောင်ရွက်လုပ်ကိုင်စေခြင်းကိုခေါ်ဆိုသည်။ Delegation အားနည်းသောအဖွဲ့အစည်းများတွင် ကြားရတတ်သော စကားတစ်ခွန်းမှာ “ငါမရှိရင် မဖြစ်ဘူး” ဟူသောစကားပင်ဖြစ်တော့သည်။ ငါမရှိလျှင် မဖြစ်ဘူးဟူသော စကားအဓိပ္ပာယ်၏နောက်တွင် အရာရာအားလုံးကို ငါကြိုးကိုင်ထားသည်ဟူသော အဓိပ္ပာယ်မျိုးကို သက်ရောက်စေပါသည်။

ကျွန်တော်တို့ ဆရာငယ်များဘဝတွင်ဆရာကြီး၊ ဆရာမကြီးများ၏ ဆုံးဖြတ်ချက်များတွင်လည်း အချို့သော လုပ်ငန်းတာဝန်များကို တာဝန်ယူဆောင်ရွက်လုပ်ကိုင်ရန် လုပ်သက်အရရော၊ အရည်အချင်းအရပါ သင့်တော်နေပါသော်လည်း မှားမည်စိုးပါသောကြောင့်၊ စိတ်မချရသောကြောင့် တာဝန်ထမ်းဆောင်ရန် သင့်နေပါသော်လည်း တာဝန်ထမ်းဆောင်ခွင့်မရသောအနေအထားမျိုးများ ကြုံတွေ့ခဲ့ရဖူးသည်။ သို့သော်လည်း အချို့သောကိစ္စရပ်မျိုးများတွင် တာဝန်ထမ်းဆောင်ရန်အချိန်မကျသေးသည့်တိုင် ကြီးမားသောတာဝန်များကိုလည်း အချိန်မတိုင်မီထမ်းဆောင်ခဲ့ရခြင်းမျိုးလည်း ရှိတတ်ပါသေးသည်။ ဥပမာအားဖြင့် နိုင်ငံခြားသွားရမည့်လုပ်ငန်းမျိုးများတွင် ကိုယ့်အတွက် တာဝန်ပေးအပ်ခြင်း မခံရဖူးသော်လည်း နယ်သွားရမည့်တာဝန်မျိုးများအတွက်တော့မမေ့မလျော့တာဝန်ပေးအပ်ခံရခြင်းမျိုးလည်း ရှိတတ်သောကြောင့်ဖြစ်သည်။ဆိုလိုသည်မှာ လုပ်ငန်းအဖွဲ့အစည်းများတွင် တာဝန်ခံမှု၊ တာဝန်ယူမှုစသည့် ကိစ္စများနှင့်ပတ်သက်လျှင် “သီးချိန်တန်လည်းမသီး၊ မသီးချိန်တန်ပါလျက် အတင်းသီးခိုင်းသောအဖြစ်မျိုး” များသည် Delegation Power ကို အလွဲသုံးစွဲရာဖြစ်စေပါတော့သည်။

Delegation လုပ်ရာတွင်လည်းတာဝန်ကိုထမ်းရွက်ရမည့်လူထက် ပထမဦးဆုံးအရေးကြီးဆုံးသော လူမှာ တာဝန်ပေးမည့်လူသည် အရေးကြီးဆုံးပင်ဖြစ်သည်။ ထိုသူအနေဖြင့် မည်သူ့ကို တာဝန်ပေးမည်ဆိုရာတွင် ထိုတာဝန်အကြောင်းကိုလည်း နားလည်ရန်လိုအပ်သည်။အင်ဂျင်နီယာသည် ရွေဘော်ထိုးရန် မလိုသော်လည်း ရေဘော်တော့ ထိုးတတ်ရမည်ဖြစ်သည်။ တာဝန်တစ်ခု ကိုပေးတော့မည်ဆိုလျှင် မည်သူ့ကို တာဝန်ပေးမည်ဆိုသည့်အချက်ထက် မည်သူကတာဝန်ပေးသည်ဆိုသည့်အချက်သည် အဖွဲ့အစည်းတွင် လွန်စွာအရေးပါသည်။ တာဝန်ပေးသည့် လူ၏ အရည်အချင်းပေါ်မူတည်ပြီးတာဝန်ခံလုပ်ကိုင်ဆောင်ရွက်ရမည့်လူအတွက်လည်းအရေးကြီးပါသည်။ တာဝန်ပေးသည့်လူသည် တာဝန်ခံလုပ်ကိုင်ရမည့်သူလောက် မတတ်ကျွမ်းသောအခြေအနေတွင် မိမိတောင် နားမလည်သည့်အလုပ်ကို သူများအားသွားခိုင်းနေမည်ဆိုပါက ထိုအဆင့်မှာပင် responsibilityနှင့် accountability သည်လည်း ချွတ်ချော်သွားနိုင်သောကြောင့်ဖြစ်သည်။အလုပ် အကြောင်းနားလည်သူ၊ လုပ်ငန်းခွင်တွင် လုပ်ကိုင်ဆောင်ရွက်မှုအနေအထားကို နားလည်သူများသည် မည်သူ့ကို မည်သည့်တာဝန်ပေးရမည်ဆိုသည်ကိုနားလည်သည်။ တစ်နည်းအားဖြင့် တာဝန်ပေးခံရမည့်လူများ၏ HR ကိုလည်းသိထားပြီး လုပ်ငန်းခွင်တွင်လည်း ကျွမ်းကျင်သူဖြစ်ပါက လုပ်ငန်းများကို တာဝန်လွှဲအပ်ခွဲဝေလုပ်ကိုင်စေခြင်းဖြင့် လုပ်ငန်းအောင်မြင်မှုကို ရရှိစေပါသည်။ များသောအားဖြင့် လုပ်ငန်းတာဝန်များကို အောင်မြင်စွာအကောင်အထည်မဖော်နိုင်လျှင်တာဝန်ထမ်းဆောင်သူတို့တွင်သာ တာဝန်ရှိသည်ဟူသော ကောက်ချက်ကိုဆွဲလေ့ရှိသည်။ သို့သော်လည်း တာဝန်ပေးအပ်သူများအနေဖြင့် မနိုင်သည့်ဝန်ကို ထမ်းဆောင်ခိုင်းခြင်းလား သို့မဟုတ် လူမှန်နေရာမှန်ခန့်ထား၊ တာဝန်ပေးခြင်းဟုတ်မဟုတ်ဆိုသည် feedback ကို ဆန်းစစ်သူအတော်နည်းကြသည်။ ထိုသို့သောအဖွဲ့အစည်းမျိုးတွင် လုပ်ငန်းများကိုလည်းသတ်မှတ်ထားသော စံချိန်စံညွှန်းအတိုင်းအကောင်အထည်မဖော်နိုင်သည့်အပြင်လုပ်ငန်းခွင်တွင်လည်း နှလုံးမွေ့လျော်မပျော်ပိုက်မှုများ (No job satisfaction)လည်းဖြစ်လာပါသည်။ ထိုသို့သော အဖွဲ့အစည်းမျိုးများတွင် ၀န်ထမ်းအလုပ်မမြဲသည့် ဆိုးကျိုးများရရှိလာနိုင်သည်။

ထို့ကြောင့်လည်း မည်မျှပင် ၀န်ထမ်းသစ်များအား စိစစ်ရွေးချယ်ခေါ်ယူခန့်ထားသည်ဖြစ်စေ လုပ်ငန်းတာဝန်ပေးသူများအနေဖြင့် အားနည်းချက်များရှိလာမည်ဆိုလျှင် အရည်အချင်းရှိသော ၀န်ထမ်းများပင်လျှင် တာဝန်ခံလုပ်ဆောင်လိုမှုများ၊တာဝန်ယူလုပ်ကိုင်လိုသည့် စိတ်ဓာတ်များခေါင်းပါးလာနိုင်ပါသည်။ များသောအားဖြင့် အဖွဲ့အစည်းများလုပ်ကိုင်ဆောင်ရွက်ရာတွင် စည်းလုံးခြင်းသည် ခွန်အားဆိုသည့်အချက်ကို လက်ခံစဉ်းစားကြသော်လည်းမျှတခြင်း(equity)သဘောထက်၊ ညီမျှခြင်း(equally)သဘောကို ပိုဦးစားပေးလေ့ရှိပါသည်။ အမှန်အားဖြင့် အဖွဲ့အစည်းသဘောသည် လူမှုရေးသဘောအရသာတူညီမျှ၊ အေးအတူပူအမျှ သဘောတရားကို စီးပွားရေးလုပ်ငန်းခွင်တွင် ကျင့်သုံးနေကြသည်။ ထို့ကြောင့်လည်း ၀န်ထမ်းများအနေဖြင့် မလုပ်ငါးမူး၊ လုပ်ငါးမူးသဘောတရားကို လက်ခံလာကြသည်။ မလုပ်၊မရှုပ်၊ မပြုတ်ဟူသော ဆောင်ပုဒ်ကို ကိုင်စွဲလာကြသည်။ လုပ်ငန်းခွင်တွင် ကြိုးစားခြင်းထက်၊ ပြဿနာမရှိအောင်နေခြင်းသည် တိုးတက်မှုကိုဖြစ်စေသည်ဟူသောအတွေးများဝင်လာကြသည်။ ထိုအခါတွင်ပိုဆိုးလာသော အခြေအနေမှာ မလုပ်ငါးမူး၊ လုပ်လျှင် စိုက်တစ်မတ်အထိဖြစ်လာကြသောအခြေအနေမျိုးရင်ဆိုင်လာကြသောအခါတွင် ကြိုးစား၍နေခြင်းထက်၊ပြဿနာမရှိအောင်နေခြင်းကို ပိုမိုသင့်တော်သည့်အနေအထားသို့ တွန်းပို့သလိုဖြစ်လာပါတော့သည်။ ထိုသို့သော ပတ်ဝန်းကျင်အနေအထားမျိုးဖြစ်လာလျှင် responsibility ဆိုသော တာဝန်ရှိသည်ဟူသော သဘောကိုလည်း နားလည်းမလည်၊ စိတ်လည်းမဝင်စားသလို တာဝန်ခံလုပ်ကိုင်ဆောင်ရွက်ရမည်ဟူသောaccountability ကိုလည်း မသိသောအနေအထားမျိုးသို့ ရောက်တတ်ပါသည်။

ထို့ကြောင့်လည်း Delegation ပေးတော့မည်ဆိုလျှင် အတိုင်းအတာတစ်ခုအထိသာ အပြည့်အဝလုပ်ကိုင်ဆောင်ရွက်စေခြင်းသည် အကောင်းဆုံးဖြစ်သည်။ ထို့ကြောင့်လည်း အချို့သောလုပ်ငန်းများကို အလှည့်ကျတာဝန်ထမ်းဆောင်စေခြင်းသည် အကောင်းဆုံးဖြစ်သည်။ ထို့ကြောင့်လည်း အချို့သောလုပ်ငန်းများကို အလှည့်ကျတာဝန်ထမ်းဆောင်စေခြင်း Job Rotation ကိုထားခြင်းဖြစ်သည်။ တာဝန်ခံမှုနှင့် တာဝန်ယူမှုများတွင် မည့်သည့်တာဝန် Job Descriptions များကိုမည်သူ့ကိုပေးမည်ဟူသော Job Specification or qualifications များကိုစဉ်းစားရာတွင် သီအိုရီအရတော့ JD ကိုကြည့်ပြီးမှ သင့်တော်သူ qualification ရှိသောလူကိုသာခန့်အပ်လေ့ရှိကြသည်ချည်းဖြစ်သော်လည်း တကယ်လက်တွေ့တွင် လူကိုကြည့်ပြီး JD ကိုသတ်မှတ်မှုမျိုးများလည်းရှိနေတတ်သောကြောင့်လည်း လားရာပျောက်သော လုပ်ငန်းအဖွဲ့အစည်းများဖြစ်သွားတတ်ပါသည်။ ထိုအခါ လုပ်ငန်းခွင်နှင့်ပတ်သက်သော အခြေခံမူ principlesများပျောက်သွားတတ်သည်။ ထိုအခါမျိုးတွင် မလိုလားအပ်သော လူကိုခင်လျှင်မူကိုပြင်သည်။ လူကိုမုန်းလျှင် မူကို သုံးသည်ဆိုသော လုပ်ငန်းခွင်ယိုယွင်းသွားနိုင်သည့် အတွေးများသည် အဖွဲ့အစည်းများအတွင်းသို့ ၀င်ရောက်လာပါတော့သည်။

credit: #HR_Journal
#KopyTaw (DG)

>>>>
လုပ်ပိုင်ခွင့်နှင့် တာဝန်ခံမှု လုပ်ပိုင်ခွင့်နှင့် တာဝန်ခံမှု Reviewed by Naethit on Monday, July 10, 2017 Rating: 5

No comments