ရဟန်တော်များ အင်တာနက် သုံးကောင်းပါသလား


တချို့သော ပုဂ္ဂိုလ်များက ဘုန်းကြီးတွေ အင်တာနက် မသုံးကောင်းဘူးလို့ တရားသေ စွဲကိုင်ထားကြပါတယ်။ တချို့သော ပုဂ္ဂိုလ်များကတော့ ယနေ့လို ခေတ်ကြီးထဲမှာ ဘုန်းကြီးတွေ အင်တာနက်မသုံးရင် မိမိတို့ ဘာသာတရား သာသနာပြုရာမှာ နောက်ကောက် ကျခဲ့မှာပေါ့။ ဒါကြောင့် ဘုန်းကြီးတွေ အင်တာနက်ကို အသုံးပြုပြီး သာသနာ ပြုကြရမယ်လို့ ခံယူထားတဲ့ သူတွေလည်း ရှိပါတယ်။ ပြောရမယ်ဆိုရင် ဘုန်းကြီးတွေ အင်တာနက် မသုံးကောင်းဘူး၊ ဘုန်းကြီးတွေ အင်တာနက် သုံးကောင်းတယ်လို့ အမြင်နှစ်မျိုး ဖြစ်နေတာကို တွေ့ရှိရပါတယ်။

အထက်ပါ အမြင်နှစ်မျိုးလုံးဟာ ကိုယ်ပိုင် အယူအဆတွေသာ ဖြစ်ပါတယ်။ စာပေကျမ်းဂန် သဘောနဲ့ တိုက်ဆိုင် ညှိနှိုင်းထားတာမျိုးတော့ မဟုတ်ပါဘူး။ ရဟန်း သာမဏေတွေရဲ့ အပြုအမူတွေကို ဆုံးဖြတ်တဲ့အခါမှာ ဝိနည်းဆိုတဲ့ ဘုရားရှင် ချမှတ်ခဲ့တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ တိုက်ဆိုင် ညှိနှိုင်းပြီးတော့ စိစစ်ဆုံးဖြတ်မှသာလျှင် ကျေနပ်ဖွယ်ရာ နှစ်သက်ဖွယ်ရာ လက်ခံနိုင်ဖွယ်ရာ ရှိပါလိမ့်မယ်။


ဘုရားရှင် လက်ထက်တော်က အင်တာနက် မပေါ်သေးတာမို့ ရဟန်းတွေ အင်တာနက် မသုံးရဆိုတဲ့ ဝိနည်းသိက္ခာပုဒ်တော့ မရှိပါဘူး။ ဒါကြောင့် ဘုန်းကြီးတွေ အင်တာနက် သုံးကောင်းသလား၊ မသုံးကောင်းဘူးလားလို့ ဆုံးဖြတ်ဖို့ တော်တော်ခက်ခဲပါတယ်။ သို့သော်လည်း တိုက်ရိုက် ပညတ်ထားတဲ့ သိက္ခာပုဒ် မရှိပေမယ့် အခြားသော သိက္ခာပုဒ်များနဲ့ ညှိနှိုင်း စိစစ်လိုက်မယ် ဆိုရင်တော့ အဖြေတစ်ခုတော့ ထွက်လာနိုင်စရာ ရှိပါတယ်။

အင်တာနက် သုံးစွဲဖို့ရန် ဟန်းဆက်၊ ဆင်းမ်ကတ်၊ ကွန်ပျူတာ စတာတွေ လိုအပ်ပါတယ်။ ထိုအချက်အလက်များ ပြည့်စုံစေရန်အတွက် ငွေကြေး လိုအပ်ပါတယ်။ ဟန်းဆက်၊ ဆင်းမ်ကတ်၊ ကွန်ပျူတာ စတာတွေ ပြည့်စုံပြီ ဆိုပေမယ့်လည်း အင်တာနက်လိုင်း ရရှိဖို့ လိုအပ်ပါသေးတယ်။ အင်တာနက်လိုင်းကို ဆိုင်ရာကုမ္ပဏီကနေ အခငွေကြေး ပေးပြီးတော့ ဝယ်ယူ သုံးစွဲရပါတယ်။

ရဟန်းတစ်ပါးအနေနဲ့ အင်တာနက် သုံးစွဲဖို့ရန်အတွက် လိုအပ်တဲ့ ပစ္စည်းနဲ့ အင်တာနက်လိုင်းကို ဝယ်ယူခြင်း ဆိုတဲ့ကိစ္စကို ပြုလုပ်ရပါမယ်။ ထိုကဲ့သို့ ဝယ်ယူခြင်းကိစ္စကို ဝိနည်းတော်က ခွင့်ပြုပေးထားပါသလား ဆိုတာ စိစစ်ကြည့်ဖို့ လိုအပ်ပါတယ်။

ဘုရားရှင် လက်ထက်တော်က ဥပနန္ဒအမည်ရှိတဲ့ ရဟန်းတစ်ပါး ရှိပါတယ်။ အရှင်ဥပနန္ဒဟာ အဝတ်ချုပ်ခြင်းကို အလွန်အင်မတန်မှကို ကျွမ်းကျင်ပါတယ်။ အရှင်ဥပနန္ဒဟာ အဝတ်တို အဝတ်စငယ်များကို စပ်ဟပ်ပြီးတော့ သေသေချာချာ စေ့စေ့စပ်စပ် မကြည့်ရှုရင် အလွန်အင်မတန်မှကို ကောင်းမွန်တယ်လို့ ထင်ရလောက်တဲ့ သင်္ကန်းမျိုးဖြစ်အောင် ချုပ်လုပ်တတ်ပါတယ်။

တစ်နေ့သောအခါမှာ အရှင်ဥပနန္ဒနဲ့ ပရိဗိုဇ်တစ်ယောက်နဲ့ အရှင်ဥပနန္ဒတို့ တွေ့ဆုံမိကြပါတယ်။ အရှင်ဥပနန္ဒက အဝတ်တို အဝတ်စငယ်များကို စပ်ဟပ်ပြီးတော့ ချုပ်လုပ်ထားတဲ့ သင်္ကန်းကို ဝတ်ရုံထားပါတယ်။ ပရိဗိုဇ်ကတော့ အဖိုးများစွာ ထိုက်တန်တဲ့ တန်ဖိုးကြီး ဝတ်ရုံကို ဝတ်လာပါတယ်။ ပရိဗိုဇ်ဟာ အရှင်ဥပနန္ဒရဲ့အဝတ်တို အဝတ်စတွေနဲ့ စပ်ဟပ်ပြီးတော့ ချုပ်လုပ်ထားတဲ့ သင်္ကန်းကို အလွန်အင်မတန် ကောင်းမွန်တဲ့ သင်္ကန်းလို့ ထင်မှတ်ပြီးတော့ သူ့ဝတ်ရုံနဲ့ သင်္ကန်းနဲ့ အလဲအလှယ်လုပ်ဖို့ ပြောကြားပါတယ်။

ထိုအခါမှာ အရှင်ဥပနန္ဒက “သင်နားလည်ရဲ့လား” လို့ မေးပါတယ်။ ပရိဗိုဇ်ကလည်း “နားလည်ပါတယ်” လို့ ဖြေဆိုပါတယ်။ ထို့နောက် နှစ်ဦး သဘောတူ အလဲအလှယ် ပြုလုပ်ကြပါတယ်။ ထို့နောက် ပရိဗိုဇ်ဟာ အရှင်ဥပနန္ဒရဲ့ အဝတ်တို အဝတ်စတွေနဲ့ စပ်ဟပ်ပြီးတော့ ချုပ်လုပ်ထားတဲ့ သင်္ကန်းကို သဘောကျနှစ်သက်စွာနဲ့ ဝတ်ရုံပြီးတော့ ပရိဗိုဇ်ကျောင်းကို ပြန်သွားပါတယ်။ ပရိဗိုဇ်ကျောင်း ရောက်တဲ့အခါမှာ အခြားပရဗိုဇ်တွေက အဝတ်တို အဝတ်စတွေနဲ့ စပ်ဟပ်ပြီးတော့ ချုပ်လုပ်ထားတဲ့ သင်္ကန်းကို ဝတ်ရုံလာတဲ့ ပရိဗိုဇ်ကို မြင်တဲ့အခါမှာ “တယ်ကောင်းပါလား။ ဘယ်က ရခဲ့တာလဲ” လို့ မေးမြန်းကြပါတယ်။ ထိုအခါမှာ အလဲအလှယ် လုပ်ခဲ့ကြောင်းကို ပြောပြပါတယ်။ ထိုကဲ့သို့ ပြောပြလိုက်တဲ့အခါမှာ အခြားပရိဗိုဇ်တွေက “ဒီသင်္ကန်းက ဘယ်လောက်မှ ကြာကြာခိုင်မှာ မဟုတ်ဘူး။ သင့်ဝတ်ရုံက ဒီသင်္ကန်းထက် ပိုကောင်းတာပေါ့” လို့ ပြောပြကြတော့ “ဟာ ဟုတ်တာပဲ” ဆိုပြီး အရှင်ဥပနန္ဒဆီ ပြန်သွားပြီးတော့ ပြန်လဲဖို့ ပြောပါတယ်။ ထိုအခါမှာ အရှင်ဥပနန္ဒက “အစတုန်းက သိရဲ့လားလို့ ငါမေးသားပဲ။ ခုမှတော့ ပြန်မလဲနိုင်တော့ဘူး” လို့ ပြောပါတယ်။ ထိုကဲ့သို့ အရှင်ဥပနန္ဒက ပြန်မလဲနိုင်ကြောင်း ပြောတဲ့အခါမှာ ပရိဗိုဇ်က “လူအချင်းချင်းတောင် မကျေနပ်ရင် ပြန်လဲလို့ရတယ်။ အခု ရဟန်းချင်း ဖြစ်ပါရဲ့နဲ့ ဘာကြောင့် ပြန်မလဲပေးနိုင် ရတာလဲ” ဆိုပြီး ပြောဆိုကဲ့ရဲ့ပါတယ်။ ထိုအကြောင်းက တစ်ဆင့်စကား တစ်ဆင့်နားနဲ့ ဘုရားရှင်ပါ သိရှိတော် မူသွားပါတယ်။ ဘုရားရှင် သိရှိတော် မူတဲ့အခါမှာ အောက်ပါ ‘ကယဝိက္ကယ သိက္ခာပုဒ်’ ကို ပညတ်တော် မူပါတယ်။

ကယဝိက္ကယ သိက္ခာပုဒ် မြန်မာပြန် ။ ။ အကြင်ရဟန်းသည် အထူးထူး အပြားပြားသော လဲလှယ်ခြင်း (ဝယ်ခြင်း ရောင်းခြင်း) ကို ပြုအံ့။ ထိုလဲယူအပ်သော ပစ္စည်းဝတ္ထုသည် နိဿဂ္ဂိထိုက်၍ ထိုရဟန်းသည်လည်း ပါစိတ်အာပတ်သင့်၏။

 ကယဝိက္ကယ သိက္ခာပုဒ်အရ ရဟန်းတော်များဟာ ဘာပစ္စည်းဝတ္ထုကိုမှ ကိုယ်တိုင်ဝယ်ယူခြင်း မပြုကောင်းပါဘူး။ သူတစ်ပါးကို ဝယ်ခိုင်းပြီးတော့လည်း မသုံးစွဲကောင်းပါဘူး။ သင်္ကန်း၊ ထီး၊ ဖိနပ်၊ သပိတ်၊ ကျမ်းစာအုပ်၊ ခေါင်းရိတ်ဓား၊ မျက်နှာသုတ်ပဝါ၊ အစားအသောက်စတဲ့ အရာဝတ္ထုတွေကိုတောင်မှ ကိုယ်တိုင် ဝယ်ယူပြီးတော့ မသုံးစွဲကောင်းပါဘူး။ သူတစ်ပါးကိုလည်း “ငါ့ကို သပိတ်သွားဝယ်ပေးစမ်း၊ သင်္ကန်း သွားဝယ်ပေးစမ်း” စသဖြင့်လည်း မစေခိုင်းကောင်းပါဘူး။

အကယ်၍ သုံးစွဲဖို့ရန် ကိုယ်တိုင် ဝယ်ယူခဲ့တယ်ဆိုရင် ဝယ်ယူထားတဲ့ ထိုပစ္စည်းကိုလည်း စွန့်ပစ်ရပါမယ်။ ပါစိတ် အာပတ်သင့်တာကြောင့် ပါစိတ်အာပတ်ကိုလည်း အာပတ်ဖြေရပါမယ်။ သူတစ်ပါးကို ဝယ်ခိုင်းထားတဲ့ ပစ္စည်းဝတ္ထုလည်း ဒီနည်းအတိုင်းပဲ ပြုရပါ့မယ်။

ရဟန်းတစ်ပါးဟာ ဖုန်းဟန်းဆက်၊ ဆင်းမ်ကတ်၊ လက်တော့ပ် ကွန်ပျူတာ အင်တာနက် အသုံးပြုခ လိုင်းကြေး အဖိုးအခများထဲက တစ်ခုခုကိုဖြစ်စေ၊ အားလုံးကိုဖြစ်စေ ကိုယ်တိုင် ဝယ်ယူထားတယ်ဆိုရင် ထိုရဟန်းဟာ အင်တာနက် မသုံးစွဲကောင်းပါဘူး။ သူတစ်ပါးကို ဝယ်ခိုင်းထားတာ ဆိုရင်လည်း ထိုရဟန်းဟာ အင်တာနက် မသုံးစွဲကောင်းပါဘူး။

ဖုန်းဟန်းဆက်၊ ဆင်းမ်ကတ်၊ လက်တော့ပ် ကွန်ပျူတာ အင်တာနက် အသုံးပြုခ လိုင်းကြေး အဖိုးအခအားလုံးကို ရဟန်းဖြစ်သူက ဝယ်ပေးဖို့ ပူဆာထားတာ မဟုတ်ဘဲ ဒကာဒကာမများက သူတို့ဘာသာ ပေးလှူထားတာ ဆိုရင်တော့ ထိုရဟန်းဟာ အင်တာနက် သုံးစွဲကောင်းပါတယ်။

“အလိုရှိရာ အလှူခံတော်မူပါ” လို့ လျှောက်ထားတဲ့ ဒကာ ဒကာမများနဲ့ ဆွေမျိုး တော်စပ်သူများကိုတော့ အင်တာနက်သုံးဖို့ ဘာလိုအပ်တယ်။ အဲဒါတွေကို လှူပါလို့ ပြောဆို အလှူခံကောင်းပါတယ်။ အင်တာနက် အသုံးပြုခ လိုင်းကြေး အဖိုးအခကိုတော့ ဒကာ ဒကာမများ ကိုယ်တိုင်ကပဲ ပေးဆောင် ပေးကြရပါမယ်။ “တပည့်တော်တို့ မအားလို့ အရှင်ဘုရားပဲ ဘီလ်သွားဆောင်လိုက်ပါ” လို့ ပြောဆိုပြီး ဘီလ်ဆောင်ဖို့ ပိုက်ဆံများ လာလှူရင်တော့ လက်မခံကောင်းပါဘူး။ ဒါကိုလည်း အထူးသတိပြုသင့်ပါတယ်။

ဒီလောက်ဆိုရင် ရဟန်းတော်များ အင်တာနက် အသုံးပြုကောင်း ပါသလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့ အဖြေကို ကွဲကွဲပြားပြား နားလည် သဘောပေါက်လောက်ပြီလို့ ယူဆပါတယ်။

Credit : the voicemyanmar
ရဟန်တော်များ အင်တာနက် သုံးကောင်းပါသလား ရဟန်တော်များ အင်တာနက် သုံးကောင်းပါသလား Reviewed by Naethit on Saturday, July 15, 2017 Rating: 5

No comments