လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ်ပုံစံ (၇) ထုတ်ပေးနိုင်တဲ့မြေဆိုတာ . . .


ယခုတလောလယ်ယာမြေမှတ်ပုံတင်လုပ်ငန်းမှာ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ-၇) ထုတ်ပေးမှုအတွက်
ဥပဒေပါစကားရပ်တစ်ရပ်ပေါ်ပေါက်နေတာတွေ့မြင်ရပါတယ်။ စိတ်ဝင်စားဖို့လည်းကောင်းပါတယ်။ ဥပဒေတစ်ရပ်
ပြဋ္ဌာန်းတဲ့အခါမလိုအပ်ဘဲ စကားအသုံးအနှုန်း မဖောင်းပွမိဖို့နဲ့ အဓိပ္ပာယ်အမျိုးမျိုး ကောက်ယူနိုင်ပြီးရှုပ်ထွေးနိုင်
သည့် စကားရပ်များ ရှောင်ကြဉ်ဖို့ ဥပဒေရုံးများလက်စွဲ၊ ရှေ့နေချုပ်ရုံး နည်းဥပဒေ ၇ မှာ လမ်းညွှန်ထားတာတွေကို
ဂရုမပြုမလိုက်နာမိဘဲ လယ်ယာမြေဥပဒေ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေထဲမှာဖော်ပြမိခဲ့တဲ့ စကားရပ်တွေအတွက်
သင်ခန်းစာယူရန်ဖြစ်ပါသည်။
ဥပဒေစကားရပ်များကိုအဓိပ္ပာယ်ဖွင့်ဆိုရာမှာ
“၁၉၇၃ ခုနှစ် စကားရပ်များအနက်အဓိပ္ပာယ်ဖွင့်ဆိုရေးဥပဒေ”ပုဒ်မ
၃(ခ) မှာ ဖော်ပြထားတဲ့ “ဥပဒေပြဋ္ဌာန်းချက်တစ်ရပ်ရပ်၏အနက်အဓိပ္ပာယ်ကို ယင်းဥပဒေကိုပြုသည့်အာဏာပိုင်
အဖွဲ့အစည်း၏ ရည်ရွယ်ချက်နှင့်ကိုက်ညီအောင်ဖွင့်ဆိုရမည်”ဆိုတဲ့ ပြဋ္ဌာန်းချက်အတိုင်းမလိုက်နာဘဲ မိမိတို့
ဦးတည်ရမယ့် လူတန်းစားနဲ့ မသက်ဆိုင်တဲ့ဖွင့်ဆိုချက်တွေထည့်သွင်းပါရှိရာကနေကြုံတွေ့လာရတဲ့ဖြစ်စဉ်လို့ဆို
ချင်ပါတယ်။
ကျွန်တော်ပြောချင်တဲ့အချက်ကို ပိုမိုမြင်သာစေဖို့လယ်ယာမြေဆိုတဲ့စကားရပ်ကို ၁၉၅၃ ခုနှစ်၊ လယ်ယာမြေနိုင်ငံ
ပိုင်ပြုလုပ်ရေးဥပဒေ၊ ၁၉၆၃ ခုနှစ်၊ သီးစားချထားရေးဥပဒေနဲ့ ၁၉၆၃ ခုနှစ်၊ တောင်သူလယ်သမားအခွင့်အရေး
ကာကွယ်သည့် ဥပဒေဆိုတဲ့ ယခင်ကအသုံးပြုခဲ့တဲ့ ဥပဒေသုံးရပ်မှာပါဝင်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့မှုတွေနဲ့ ၂၀၁၂
လယ်ယာမြေဥပဒေက အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို ပြန်တင်ပြပေးဖို့လိုလာပါ တယ်။
အဓိကစကားလုံးဖြစ်တဲ့ လယ်ယာမြေဆိုတဲ့စကားရပ်ကိုဘယ်လိုဖွင့်ဆိုခဲ့ကြသလဲ၊ အဲဒီစကားရပ်ဟာဘယ်သူ
တွေနဲ့ ပတ်သက်လဲဆိုတာ ကြည့်ကြရအောင် ခင်ဗျ။လယ်ယာမြေဆိုတဲ့ စကားရပ်ကို ၁၉၅၃ ခုနှစ်၊ လယ်ယာမြေ
နိုင်ငံပိုင်ပြုလုပ်ရေးဥပဒေ၊ ပုဒ်မ ၃(ခ) မှာ အောက်ပါအတိုင်း အဓိပ္ပာယ်ဖွင့်ဆိုထားခဲ့တာ တွေ့ရပါတယ်။
“လယ်ယာမြေ” ဆိုသည်မှာ နိုင်ငံတော်ကအလိုရှိသည့်အတိုင်းသုံးစွဲနိုင်သည့်လယ်ယာလုပ်ကိုင်နိုင်သောမြေရိုင်း
များနှင့်လယ်၊ ယာ၊ ကိုင်း၊ ကျွန်းဖြင့် အသက်မွေးမှုများအတွက်ဖြစ်စေ၊ ယင်းသို့စိုက်ပျိုးမှုနှင့် အသက်မွေးမှု၏ အ
ထောက်အပံ့ဖြစ်သော အမှုကိစ္စများအတွက်ဖြစ်စေ၊ လက်ရှိထားသည့် သို့တည်းမဟုတ် သာမန်လုပ်ကိုင်သည့်၊
သို့တည်းမဟုတ် အငှားချထားပြီးဖြစ်သည့်မြေကိုဆိုလိုသည့်ပြင် စကားရပ်တွင် ထိုမြေပေါ်ရှိလူနေအိမ်များနှင့်
တခြားအဆောက်အအုံများ တည်ရာမြေများလည်းပါဝင်သည်။
သို့ရာတွင် မြို့ရွာအတွင်းတည်ရှိသောလူနေအိမ်ရာအဖြစ်လက်ရှိထားသည့်မြေ မပါဝင်ချေ။၁၉၆၃ ခုနှစ်၊ သီးစား
ချထားရေးဥပဒေပုဒ်မ၂(၁)၊(ခ)၊နဲ့ ၁၉၆၃ ခုနှစ်၊ တောင်သူလယ်သမားအခွင့်အရေးကာကွယ်သည့် ဥပဒေပုဒ်မ
၂(က) မှာ ဖွင့်ဆိုထားတဲ့ လယ် ယာမြေရဲ့ အဓိပ္ပာယ်ကတော့ အောက်ပါ အတိုင်းဖြစ်ပြန်ပါတယ်။
“လယ်ယာမြေ”ဆိုသည်မှာ စိုက်ပျိုးရေးအတွက်အသုံးပြုသည့် သို့တည်းမဟုတ်လက်ရှိထားသည့်မြေကို ဆိုလို
သည်။ ရှင်းလင်းချက် (၁)။ ထိုစကားရပ်တွင် လူအများအခေါ်အဝေါ်အားဖြင့် လယ်၊ယာ၊ ကိုင်းမြေဟုသော်လည်း
ကောင်း၊ ကြက်ပေါင်စေး၊ ဓနိ၊ ဥယျာဉ်ခြံမြေဟုသော်လည်းကောင်း၊ ဟင်းသီးဟင်းရွက်၊ ပန်းမန်စိုက်ပျိုးသည့်
ခြံမြေဟုလည်းကောင်း၊ ကျွန်းမြေနုကျွန်းပေါ်ဟု လည်းကောင်း သတ်မှတ်သည့်မြေများပါဝင်သည်။
ရှင်းလင်းချက် (၂)။ ထိုစကားရပ်တွင်မြို့နယ်နိမိတ်၊ ကျေးရွာနယ်နိမိတ်အတွင်းရှိ လူနေအိမ်များဘာသာရေး
အဆောက်အအုံနှင့် ပရ၀ုဏ်များ၊ အများပိုင်ဆိုင်၍ စိုက်ပျိုးရေးအတွက် အသုံးမပြုသော မြေကွက်များမပါဝင်
ချေ။
ကျွန်တော်တို့ မြို့/မြေမှူးတာဝန်ယူစဉ်ကာလပါတီ၊ ကောင်စီခေတ်တောင်သူလယ်သမားရေးရာသင်တန်းတွေမှာ
မြေယာဥပဒေကို သွားပို့ချရတဲ့အခါ ဗဟိုမြေယာကော်မတီက ပြုစုထားတဲ့ တောင်သူလယ်သမားတိုင်း သိသင့်
သည့် မြေယာဥပဒေများသင်တန်းလက်စွဲသင်ညွှန်းတမ်းမှာ ဖော်ပြထားတဲ့ လယ်ယာမြေဆိုတဲ့ စကားရပ်ရဲ့
အဓိပ္ပာယ်အနှစ်ချုပ်ကတော့ ဒီလိုပါ။
(က) စိုက်ပျိုးရေးအတွက် အသုံးပြုသည့် သို့တည်းမဟုတ်လက်ရှိထားသည့် မြေ၊ လယ်မြေ၊ ယာမြေ၊ ကိုင်းမြေ၊
ကြက် ပေါင်စေးစိုက်မြေ၊ ဓနိမြေ၊ ဥယျာဉ်မြေ၊ ဟင်းသီးဟင်းရွက်ပန်းမန်စိုက်ပျိုးသည့်မြေ၊ မြေနုကျွန်းပေါ်မြေ။
(ခ) မြေလွတ်မြေရိုင်းနှင့် လယ်၊ ယာ၊ကိုင်း၊ ကျွန်း၊ ဥယျာဉ်စိုက်ပျိုးသော မြေအားလုံးပါဝင်ပါသည်။ သို့ရာတွင်
မြို့ရွာ အတွင်းတည်ရှိသောလူနေအိမ်ရာအဖြစ်လက်ရှိထားသည့်မြေမပါဝင်ချေ။၂၀၁၂ လယ်ယာမြေဥပဒေမှာ
တော့ ယခင် ၁၉၅၃ ခုနှစ်၊ လယ်နိုင်ဥပဒေနဲ့ ၁၉၆၃ ခုနှစ်၊ သီးစားဥပဒေ၊ ၁၉၆၃ ခုနှစ်၊ တောင်သူလယ်သမား
အခွင့်အရေးကာကွယ်သည့်ဥပဒေများမှာ ဖွင့်ဆိုရှင်းလင်းချက်ကို လယ်ယာမြေဥပဒေ ပုဒ်မ ၃(က)မှာ ဖွင့်ဆို
ခဲ့ပြန်ပါတယ်။
“လယ်ယာမြေ”ဆိုသည်မှာ လယ် မြေ၊ ယာမြေ၊ ကိုင်းကျွန်းမြေ၊ တောင်ယာ မြေ၊ နှစ်ရှည်ပင်စိုက်ပျိုးသောမြေ၊
ဓနိမြေ၊ ဥယျာဉ်မြေဟုသော်လည်းကောင်း ဟင်းသီးဟင်းရွက်၊ပန်းမန်စိုက်ပျိုးသည့် ခြံမြေဟုသော်လည်း
ကောင်း၊မြေနုကျွန်းမြေဟုသော်လည်းကောင်း သတ်မှတ်သည့်မြေများကို ဆိုသည်။
ယင်းစကားရပ်တွင် မြို့နယ် နိမိတ်၊ ကျေးရွာနယ်နိမိတ်အတွင်းရှိ လူနေအိမ်များ၊ ဘာသာရေး အဆောက်အအုံ
နှင့် ပရ၀ုဏ်များ၊ အများပိုင်ဆိုင်၍ စိုက်ပျိုးရေးအတွက် အသုံးမပြုသောမြေများ မပါဝင်။
အထက်ကလယ်ယာမြေဆိုတဲ့ အဓိပ္ပာယ်ရှင်းလင်းချက်တွေကိုဖတ်ပြီးရင် အားလုံးသတိထားမိကြမယ်လို့
ထင်ပါတယ်။ ယခင်ဥပဒေ သုံးရပ်လုံးမှာရော ယခု၂၀၁၂ လယ်ယာမြေဥပဒေမှာရော တညီတညွတ်တည်း
ဖော်ပြထားတဲ့ အချက်ကတော့ လယ်ယာမြေဆိုတာ စိုက်ပျိုးရေးအတွက် အသုံးပြုသည့် သို့တည်းမဟုတ်
စိုက်ပျိုးရန် လက်ရှိထားသည့် မြေဖြစ်သည်ဆိုတဲ့အချက်ကိုဘဲ ဖြစ်ပါတယ်။
ဒီတော့ ကျွန်တော်ပြောချင်တာလေးကို အခုစပြီးတင်ပြပါတော့မယ်။ လယ်ယာမြေဆိုတာ စိုက်ပျိုးရေးလုပ်ငန်း
လုပ်ကိုင်နေတဲ့ မြေတွေ၊ စိုက်ပျိုးရေးအတွက်လက်ရှိထားမြေတွေ၊ စိုက်ပျိုးရန် သတ်မှတ်ထားတဲ့ မြေ အမျိုး
အစားတွေကိုသာလယ်ယာမြေလို့သတ်မှတ်တဲ့အတွက်တိရစ္ဆာန် မွေးမြူရေး၊ ငါး၊ ပုဇွန် မွေးမြူရေးလုပ်ငန်းများ
အသုံးပြုနေတဲ့မြေ၊ အသုံးပြုရန်မြေဟာ အထက်က ဖော်ညွှန်းပုဒ်မများရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အရဆိုရင်
လယ်ယာမြေဆိုတဲ့ စကားရပ်နဲ့ အကျုံးမ၀င်ဘူးဆိုတာ ရှင်းရှင်းကြီးတွေ့နေရတယ်ဆိုတာပါဘဲ။
ဒါကြောင့် လယ်ယာမြေဥပဒေ အခန်း(၂)နဲ့ လယ်ယာမြေနည်းဥပဒေ အခန်း(၂)၊ အခန်း(၃)၊ အခန်း(၄) ပါ
လယ်ယာမြေလုပ်ပိုင်ခွင့်ပြုရန်နဲ့ လယ်ယာမြေကိုလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ-၇ ထုတ်ပေးရန် ပြဋ္ဌာန်းချက်များ၊
နည်းလမ်းများဟာ လယ်ယာမြေကို စိုက်ပျိုးလုပ်ကိုင်သူများကိုသာ လုပ်ပိုင် ခွင့်လက်မှတ် ထုတ်ပေးရမယ့်
သတ်မှတ်ချက်များ၊ လုပ်ထုံးလုပ်နည်းများဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းနဲ့ မသက်ဆိုင်သော ကိစ္စရပ်များအတွက်
ပုံစံ(၇) ထုတ်ပေးရန် ပြဋ္ဌာန်းထားမှုမပါရှိသေးဘူးဆိုတာပြောပြချင်တာပါ။
မွေးမြူရေးသမားတွေအတွက် ပုံစံ-၇ ထုတ်ပေးရမယ့်နည်းလမ်းညွှန်ကြားချက်ကိုဗဟိုလယ်စီကထုတ်ပြန်ထား
မှုလည်းခုထိ မတွေ့ရသေးပါဘူး။ဒါပေမယ့် ငါး၊ ပုစွန် မွေးမြူရေးသမားတွေက သူတို့လည်းတောင်သူလယ်
သမားဆိုတဲ့ စကားရပ်မှာအကျုံးဝင်သူတွေဖြစ်လို့ လယ်သမားတွေကိုလုပ်ပိုင်ခွင့် လက်မှတ်ပေးရင် သူတို့ကို
လည်း ပေးရမယ်လို့ တောင်းဆိုချက်ကို ဗဟိုလယ်စီအဖွဲ့ ဥက္ကဋ္ဌလယ်ဆည်ဝန်ကြီးကပေးမယ်လို့ ၀န်ခံထား
ကြောင်း၊ ငါးကန် ပုစွန်ကန်သမားတွေက သူတို့ရဲ့ကန်တွေအတွက် ဘဏ်တွေမှာ အပေါင်ခံချေးငွေရရှိဖို့ လိုအပ်
တဲ့ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ ၇ တကယ်သွားရောက် လျှောက်ထားတောင်းခံတဲ့အခါမှာ အောက်ခြေလယ်စီ
အဖွဲ့တွေက အထက်ညွှန်ကြားချက်မရှိသေးတဲ့အတွက် ဆောင်ရွက်မပေးနိုင်ဘူးလို့ ငြင်းနေပါတယ်ဆိုပြီးပြဿ
နာတစ်ရပ်အနေနဲ့ မီဒီယာတွေကို တင်ပြလာတာတွေ့ရပါတယ်။
အမှန်ကတော့ လယ်ယာမြေဥပဒေရဲ့ အားနည်းချက်ကြောင့် ဒီလိုနောက်ဆက်တွဲပြဿနာတွေ တက်လာရတာ
ပါ။ အဲဒီလို ရှုပ်ထွေးမှုဖြစ်စေတဲ့ အခြေခံကတော့ တောင်သူလယ်သမားဆိုတဲ့ စကားရပ်ကို လယ်ယာမြေဥပဒေ
မှာ ဖွင့်ဆိုရှင်းလင်းထားရာမှာ စကားလုံးဖောင်းပွခဲ့မှုကြောင့် ဖြစ်ပါတယ်။
၂၀၁၂ လယ်ယာမြေဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ(င) မှာ “တောင်သူလယ်သမား”ဆိုတဲ့ စကားရပ်ကိုဒီလိုအဓိပ္ပာယ်ဖွင့်
ဆိုထားပါတယ်။အောက်ပါ ပုဂ္ဂိုလ်များသည် တောင်သူလယ်သမားဖြစ်သည်။
(၁) မြေကို အသုံးပြု၍ စိုက်ပျိုးရေးလုပ်ငန်းသို့မဟုတ်၊ မွေးမြူရေးလုပ်ငန်းသို့မဟုတ်၊ လုပ်ငန်းနှစ်ရပ်လုံးကိုမိမိ၏
အဓိက အသက်မွေးဝမ်းကျောင်းအဖြစ်အစဉ်တစိုက်ကိုယ်တိုင်လုပ်ကိုင်ခဲ့သူ။
(၂) ဆိုင်ရာနှစ်တွင် မြေကို အသုံးပြု၍ စိုက်ပျိုးရေးလုပ်ငန်း သို့မဟုတ်၊ မွေးမြူရေးလုပ်ငန်း သို့မဟုတ်၊ လုပ်ငန်း
နှစ်ရပ်လုံးကို မိမိ၏ အဓိကအသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ငန်းလုပ်ကိုင်ချိန် တစ်လျှောက်လုံး ကိုယ်တိုင်
ကြီးကြပ်လုပ်ကိုင်ခဲ့သူ။
(၃) မြေကို အသုံးပြု၍ရာသီသီးနှံ၊ ဥယျာဉ်ခြံသီးနှံများစိုက်ပျိုးထုတ်လုပ်ရန် သို့မဟုတ်၊ စီးပွားဖြစ်မွေးမြူရေးလုပ်
ငန်းကို လုပ်ကိုင်ရန်အလို့ငှာအရင်းအနှီးမတည်စိုက်ထုတ်၍ လုပ်ငန်းလုပ်ကိုင်ချိန် တစ်လျှောက်လုံး ကိုယ်တိုင်
လုပ်ကိုင်သူ သို့မဟုတ်၊ ကြီးကြပ်စီမံလုပ်ကိုင်သူ။
(၄) မြေကို အသုံးပြု၍ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူ။
(၅) စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် ယင်းတို့နှင့်ဆက်နွယ်လျက်ရှိသောထုတ်လုပ်မှုလုပ်ငန်းအလို့ငှာ
မြေကို အသုံးပြု၍ ပျိုးပင်၊ မျိုးစေ့၊ မျိုးနှင့် သားပေါက် များကိုယ်တိုင်ထုတ်လုပ်ရောင်းချသူ။ အထက်ပါပုဂ္ဂိုလ်များ
ကိုတောင်သူလယ်သမားဆိုပြီး လယ်ယာမြေဥပဒေမှာ ဖွင့်ဆိုဖော်ပြထားခဲ့ပါတယ်။
ဒါကြောင့် တောင်သူလယ်သမားဆို တဲ့ စကားရပ်မှာမြေကိုအသုံးပြု၍ စိုက်ပျိုးရေးလုပ်ငန်း သို့မဟုတ်၊ မွေးမြူ
ရေးလုပ်ငန်း သို့မဟုတ်၊ လုပ်ငန်းနှစ်ရပ်လုံးကို မိမိ၏ အဓိကအသက်မွေးဝမ်းကျောင်းအဖြစ်အစဉ်တစိုက်ကိုယ်
တိုင်လုပ်ကိုင်ခဲ့သူ၊ အရင်းအနှီးမတည်စိုက်ထုတ်၍လုပ်ငန်းလုပ်ကိုင်ချိန် တစ်လျှောက်လုံးကိုယ်တိုင်လုပ်ကိုင်သူ
သို့မဟုတ်၊ ကြီးကြပ်စီမံလုပ်ကိုင်သူ၊ ပါဝင်ဆောင်ရွက်နေသူ၊ မြေကိုအသုံးပြု၍ ပျိုးပင်၊ မျိုးစေ့၊ မျိုးနှင့် သားပေါက်
များ ကိုယ်တိုင်ထုတ်လုပ်ရောင်းချသူတွေပါ လယ်သမားအဖြစ်ပါဝင်လာတဲ့အတွက် ငါး၊ ပုစွန်မွေးမြူရေးသမား
တွေကသူတို့ကိုအဲဒီစကားရပ်အရတောင်သူလယ်သမားကို သတ်မှတ်ရင်သူတို့အသုံးပြုနေတဲ့ မြေတွေအတွက်
လည်း တောင်သူ လယ်သမားတွေကို လုပ်ပိုင်ခွင့်ပေးသလို သူတို့ကိုလည်း ပေးဖို့နဲ့ လယ်သမားတွေကို
ထုတ်ပေးနေတဲ့ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်ကို သူ့တို့ကိုလည်းရရှိရမယ်ဆိုတဲ့မူနဲ့ တောင်းဆိုလာခြင်းဖြစ်
လာဦးမှာလား မပြောတတ်ဘူးခင်ဗျ။
အထက်က ပြောခဲ့သလိုဘဲပေါ့ဗျာ။ လယ်ယာမြေဥပဒေရဲ့ အနှစ်သာရက လယ်ယာစိုက်ပျိုးမှုနဲ့ အသက်မွေးဝမ်း
ကျောင်းပြုတဲ့ တောင်သူလယ်သမား လူတန်းစားအတွက် ရည်ရွယ်ပြဋ္ဌာန်းတာဖြစ်ပြီး အဲဒီလူတန်းစား အသုံးပြု
မယ့်မြေ၊ သူတို့ကို လုပ်ပိုင်ခွင့်ပေးမယ့် မြေဆိုတာကို လယ်ယာမြေလို့ အဓိပ္ပာယ်ဖွင့်ဆို ရှင်းလင်းရာမှာလည်း
လယ်ယာမြေဆိုတာစိုက်ပျိုးရေးအတွက်အသုံးပြုသည့် သို့တည်းမဟုတ်လက်ရှိထားသည့်မြေဖြစ်သည်ဆိုတဲ့
အချက်ကိုဘဲဖော်ဆောင်ရှင်းလင်းထားပါတယ်။
လယ်ယာမြေဥပဒေဟာ စိုက်ပျိုးမြေများနဲ့ ယင်းမြေပေါ် စိုက်ပျိုးလုပ်ကိုင်တဲ့ တောင်သူလယ်သမားများအတွက်
ဆိုတာ သိသာနေပေမယ့် The Farmer ဆိုတဲ့ စကားရပ်ကို အဓိပ္ပာယ်ဖွင့်ရာမှာ မလိုအပ်ဘဲ နိုင်ငံတကာ
International Norm နဲ့ညီအောင်ဆိုပြီး အကျယ်ချဲ့ရာကခုလိုလယ်သမားဆိုတာ မွေးမြူရေး Farm တွေပါ
တယ်ဆိုတဲ့ ဥပဒေကြောင်းရာအခြေအတင် ဆွေးနွေးရမှုဖြစ်လာရတာ ဖြစ်ပါတယ်။
ကျွန်တော့်အမြင်ကတော့ဝန်ကြီးကငါးကန်သမားတွေအတွက် လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်တွေရစေရမယ်
လို့ တာဝန်ခံခဲ့တယ်ဆိုရင် ဗဟိုလယ်စီအဖွဲက ဥက္ကဋ္ဌပြဋ္ဌာန်း အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့် ဘောင်ထက်ကျော်ပြီး အာမခံခဲ့ခြင်းသာ ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ ငါးကန်၊ ပုစွန်ကန်တွေအတွက် လုပ်ပိုင်ခွင့်လက်မှတ်တောင်းဆို
တဲ့ မြေတွေဟာ ဥပဒေအရ လယ်ယာမြေဆိုတဲ့စကားရပ်မှာ အကျုံးဝင်မ၀င်အသိသာကြီးဖြစ်ပါတယ်။
စိုက်ပျိုးရေးလက်ရှိထားမြေတွေ မဟုတ်ပါဘူး။ လယ်ယာမြေဥပဒေပါ ပုံစံ ၇ ထုတ်ပေးရန် ပြဋ္ဌာန်းချက်တွေဟာ
လယ်ယာစိုက်ပျိုးလုပ်ငန်း လုပ်ကိုင်သူများအတွက်သာဖြစ်ပါတယ်။ လယ်ယာမြေကိုမွေးမြူရေးလုပ်ငန်း အသုံး
ပြုခွင့်မပေးဘူးလို့ ပညတ်ထားတာတော့ ဥပဒေမှာမပါရှိပါဘူး။
သုံးချင်သလား။ အသုံးပြုခွင့် ပေးမှာပါ။ ဘယ်လိုလယ်ယာစိုက်ပျိုးမှုမှအပတခြားနည်းပြောင်းလဲအသုံးပြုခွင့်
ရယူနိုင်ကြောင်း သတ်မှတ်ထားပြီးသားဘဲ။ ငါးကန်၊ ပုစွန်ကန်များသည် ယင်းလုပ်ထုံးလုပ်နည်းများအရသာ
လယ် ယာ ၃၀ ခွင့်ပြုမိန့် ရယူရမည်ဖြစ်ပြီး သူတို့ရမယ့် ခွင့်ပြုလက်မှတ်ကတော့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု
လက်မှတ်မဟုတ်ဘဲ လယ်ယာမြေကို တခြားနည်းသုံးခွင့်ပြုမိန့် (ပုံစံ-၁၅) ရယူရမှာ ဖြစ်ပါတယ်။
ပုံစံ (၇) ရယူလုပ်ပိုင်ခွင့်မရှိပါဘူး။အခုဝန်ကြီးကငါးလုပ်ငန်းသမားတွေကိုလယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်
ပုံစံ (၇) ထုတ်ပေးမယ်လို့ ကတိပြုထားကြောင်း၊ တစ်ဖက်က ပြောနေတာတွေနားထောင်ရင်း အောက်ခြေ
လယ်စီအဖွဲ့တွေခမျာရှိရင်းစွဲပြဋ္ဌာန်းချက်တွေမှာ အဲဒီကိစ္စ အတွက် လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်ထုတ်
ပေးနိုင်တယ်လို့ဖော်ပြမထားလေတော့ လယ်ယာမြေဥပဒေမှာမပါသေးတဲ့ဘယ်ညွှန်းကြားချက်၊ ဘယ်လုပ်ထုံး
လုပ်နည်းနဲ့ လုပ်ပိုင်ခွင့်လက်မှတ်ပေးရမှာလဲဆိုတာ စဉ်းစားတွေးတောလို့ကို မရသေးပါဘူးခင်ဗျား။

credit: #ကိုဇော် (နတ်မောက်) ကို ကျေးဇူးတင်ရှိပါတယ်)
#KopyTaw (DG)

                                                     
>>>>
လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ်ပုံစံ (၇) ထုတ်ပေးနိုင်တဲ့မြေဆိုတာ . . . လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ်ပုံစံ (၇) ထုတ်ပေးနိုင်တဲ့မြေဆိုတာ . . . Reviewed by Naethit on Sunday, July 09, 2017 Rating: 5

No comments