သားနဲ့ စုံတွဲလို့ အထင်ခံရတဲ့ မိခင်ဖြစ်သူရဲ့ လျှို့ဝှက်ချက်


အမေနဲ့ သားကို စုံတွဲတွေအဖြစ် အထင်ခံရလောက်အောင် အရွယ်နဲ့ မလိုက်ဘဲ နုရွ၊ လှပနေတဲ့ အမျိုးသမီးကတော့ တရုတ်နိုင်ငံ အလယ်ပိုင်း၊ Henan Province က Xinyang မှာ မွေးဖွားခဲ့တဲ့ Liu YeLin ဆိုသူပဲ ဖြစ်ပါတယ်။ သူမရဲ့ နုပျိုတဲ့ အလှတရားနဲ့ ပတ်သက်ပြီး ကြုံခဲ့ရတာတွေနဲ့ ပတ်သက်လို့ “ဈေးဝယ်ထွက်တဲ့အခါတွေမှာဆို ကျွန်မရဲ့ အသက်အမှန်ကို ပြောလိုက်ရင် ကျွန်မရဲ့ လျှို့ဝှက်ချက်ကို သိချင်သူတွေမှ တစ်ပြုံကြီးပဲ၊ ကျွန်မအသက် ငါးဆယ်နီးပါး ရှိပြီဆိုတာ ထုတ်ပြောလိုက်ရင် သူတို့တွေ အံ့သြကုန်ကြရော” လို့ ၄၉ နှစ်အရွယ် Liu က MailOnline ကိုပြောပါတယ်။


Liu က သူမရဲ့ ဆောင်ပုဒ်ကိုလည်း “သင့်ကိုယ်သင် ရင့်ရော်နေပြီလို့ ထင်နေတယ်ဆိုရင် အဲဒါဟာ ဘာဖြစ်လို့လဲဆိုတော့ လုံလောက်တဲ့ အပင်ပန်းမခံလို့ပါ” လို့ ပြန်လည်မျှဝေခဲ့ပြီး “ကျွန်မဆိုရင် အခုအချိန်အထိ ၁၅ နှစ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်နေတုန်းပဲ” လို့ ဂုဏ်ယူပြောဆိုပါတယ်။ သူမရဲ့ သားနဲ့ သူမကို စုံတွဲတွေအဖြစ် အထင်ခံရပုံကတော့ တစ်နေ့မှာ Liu ဟာ အသိမိတ်ဆွေတစ်ယောက် မင်္ဂလာဆောင်ကို သားနဲ့အတူသွားခဲ့ချိန်မှာ ၂၂ နှစ်အရွယ် သူ့သားကို သူမရဲ့ လက်တွဲဖော်သစ်အဖြစ် ဧည့်သည်တွေက ထင်မြင်ခဲ့ကြတယ်လို့ သိရပါတယ်။


သူမ အခုလို နုပျို၊ လှပနေတာဟာ အလှပြင်ပစ္စည်းတွေကြောင့်လို့ ထင်နိုင်စရာရှိပေမဲ့ တကယ်တမ်းကျပြန်တော့ Liu ဟာ အလှပြင်ပစ္စည်းတွေကို မသုံးသလောက် ရှားပြီး အဲဒီအစား လေ့ကျင့်ခန်း မှန်မှန်လုပ်တာကြောင့် ၁၀ စုနှစ် သုံးခုစာအထိ အလှအပကို ထိန်းထားနိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။ သူမရဲ့ အလှအပ ထိန်းသိမ်းနည်း လျှို့ဝှက်ချက်နဲ့ ပတ်သက်လို့လည်း “ကျွန်မ နေ့စဉ်နေ့တိုင်း ရေကန်ထဲမှာ ရေကူးသလို Weight Training လုပ်တယ်၊ ကျွန်မ အနှစ်ခြိုက်ဆုံး အလုပ်က ဆောင်းရာသီဆိုရင် အပြင်မှာ ရေကူးရတာပါ၊ ချမ်းအေးလို့ အားလုံးက အပေါ်အင်္ကျီ ၀တ်ထားချိန်မှာ ဘီကီနီလေး ၀တ်ပြီး အေးမြနေတဲ့ ရေထဲကို ဒိုက်ထိုးရတာ အကြိုက်ပဲ” လို့ ဆိုပါတယ်။

Ref: Daily Mail ၊ NZ Herald

ကျော်လင်းအောင်
သားနဲ့ စုံတွဲလို့ အထင်ခံရတဲ့ မိခင်ဖြစ်သူရဲ့ လျှို့ဝှက်ချက် သားနဲ့ စုံတွဲလို့ အထင်ခံရတဲ့ မိခင်ဖြစ်သူရဲ့ လျှို့ဝှက်ချက် Reviewed by Naethit on Wednesday, May 17, 2017 Rating: 5

No comments