အလုပ်ရှင်ရဲ့အာရုံစိုက်အလေးပေးမှူကို ရရှိဖို့နည်းလမ်းကောင်း(၇)ခု


ကျွန်တော်တို့ အားလုံးက အခြားသူတွေထက် သာချင်ကြသူတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သင့်အနေနဲ့ အလုပ်ထဲမှာ မှန်မှန်ကန်ကန်ကြိုးစားမယ်၊ အလုပ်ချိန်နောက်ကျတာ၊ ခွင့်ယူတာတွေ မရှိပဲ၊ အလုပ်တွေကိုလည်း အမြဲတမ်းပြီးစီးအောင်လုပ်နိုင်ပေမယ့် ရာထူးလစာတိုးမြှင့်ခံရဖို့ အလှမ်းဝေးနေတာမျိုး ဖြစ်ဖူးပါသလား ???

သင့်အနေနဲ့ အကောင်းဆုံးလုပ်ဆောင်ခဲ့ပေမယ့် ထိုက်သင့်တဲ့ဆုလာဘ်အကျိုးခံစားခွင့်မရတာ ဘာကြောင့်လို့ ထင်ပါသလဲ။ အဖြေကတော့ ရိုးရှင်းပါတယ်။ သင့်ရဲ့လုပ်ဆောင်မှုတွေက အလုပ်ရှင်ရဲ့မျှော်လင့်ချက်နဲ့ အံကိုက်မဖြစ်တာကြောင့်ပဲ ဖြစ်ပါတယ်။

သင့်အလုပ်ရှင်ရဲ့ မျှော်လင့်ချက်တွေက အခွင့်အလမ်းတွေအတွက် အဖိုးအခဖြစ်ပါတယ်။ သင့်အနေနဲ့ အကောင်းဆုံးကြိုးစားအားထုတ်ပြီး တာဝန်မှန်သမျှကျေပြွန်ခဲ့ရင်တောင်မှ ထူးထူးခြားခြားတိုးတက်မှု ရလဒ်တွေ မရနိုင်ပါဘူး။ အလုပ်ရှင်ရဲ့အမြင်မှာ သင်ဟာ သာမာန်အလုပ်တာဝန်တွေကိုပဲ လုပ်နေတယ်လို့ မြင်နေနိုင်ပါတယ်။ အလုပ်မှာ အောင်မြင်ပေါက်ရောက်တဲ့ လူတွေက ဒီအချက်ကို သိမြင်နားလည်ထားကြပါတယ်။

သင့်ရဲ့အလုပ်ထဲမှာ တိုးတက်မှုတွေရရှိပြီး လုပ်ခလစာပိုကောင်းလာဖို့အတွက် နည်းလမ်းကတော့ သင့်ရဲ့လုပ်ဆောင်မှုတွေဟာ လက်ရှိလုပ်ခလစာထက်ပိုပြီး ထိုက်တန်အောင် တန်ဖိုးတွေ ပေါင်းထည့်ခြင်းပဲ ဖြစ်ပါတယ်။ အထက်ကိုတိုးတက်ချင်တယ်ဆိုရင် အဖွဲ့အစည်းအတွက် မရှိမဖြစ်လူတစ်ယောက်လို အဖိုးတန်နေဖို့ လိုပါတယ်။ ဒီလိုဖြစ်ဖို့အတွက် သင့်အလုပ်ရှင်ရဲ့ မျှော်လင့်ချက်တွေထက် ကျော်လွန်ပြီး ဖြည့်ဆည်းပေးနိုင်ဖို့ ရည်ရွယ်လုပ်ဆောင်ပါ။ သင့်ကို ခန့်အပ်ထားတဲ့အတွက် သူ့ရဲ့ဆုံးဖြတ်ချက်တွေ မှန်ကန်ကြောင်း အထင်ရောက်သွားစေဖို့ လိုပါတယ်။

ဒီလိုဖြစ်ဖို့ကလည်း ထင်ထားသလောက် မခက်ခဲပါဘူး။ ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်း(၇)ခုနဲ့ သင့်အလုပ်ရှင်ရဲ့ အာရုံထဲရောက်အောင် လုပ်ဆောင်နိုင်ပါတယ်။

၁။ သင့်အလုပ်အတွက် လုပ်အပ်တဲ့အရည်အချင်းတွေကို ဖြည့်ဆည်းပါ။ သင့်ကုမ္ပဏီရဲ့ လုပ်ငန်းနယ်ပယ်၊ ပြိုင်ဖက်တွေ၊ နောက်ဆုံးတိုးတက်မှုအခြေအနေနဲ့ စိန်ခေါ်မှုတွေကို လေ့လာပါ။
သင့်ရဲ့ အလုပ်အကိုင်နဲ့ပတ်သက်တဲ့ အရည်အချင်းတွေတိုးတက်နေဖို့က အရေးကြီးပါတယ်။ သင့်အလုပ်ရှင်ရဲ့ အာရုံစိုက်မှုကို ရရှိဖို့အတွက် သင့်ကုမ္ပဏီနဲ့ လုပ်ငန်းနယ်ပယ်အကြောင်းကို တတ်နိုင်သမျှအားလုံးလေ့လာပါ။ သင် လေ့လာသိရှိထားသမျှ အကြောင်းအရာတွေကို လုပ်ငန်းအဖွဲ့အစည်းအတွင်းမှာ ပြန်လည်ဝေမျှအသုံးချခြင်းအားဖြင့် သင့်လုပ်အားမှာ တန်ဖိုးပေါင်းထည့်ပြီးသားဖြစ်စေမှာပါ။ သင့်အလုပ်ကို ဘယ်လိုလုပ်ရမယ်ဆိုတာကို သိတာထက် ဘာကြောင့်လုပ်ရတယ်၊ ဘယ်အချက်က အရေးကြီးတယ်ဆိုတာကို သိတာက ပိုအရေးကြီးပါတယ်။

၂။ အဖြေရှိနေဖို့ထက် မေးခွန်းမရှိအောင် လုပ်ဆောင်ပါ။
သင့်ရဲ့အလုပ်ရှင်က တစ်ခုခုမေးလိုက်တဲ့အချိန်မှာ ချက်ချင်းဖြေလိုက်နိုင်တာက စာရွက်ပုံထဲမှာ ပြန်ရှာရတာ ဒါမှမဟုတ် ခဏနေမှာပြန်လာပြောပြပါမယ်ဆိုပြီး တောင်းပန်ရတာတွေထက် ကောင်းပါတယ်။ ဒါပမေယ့် သင့်အလုပ်ရှင်ရဲ့ အာရုံစိုက်အလေးပေးမှုကို လိုချင်တယ်ဆိုရင်တော့ သူ့မှာမေးစရာမေးခွန်းရှိမနေအောင် လုပ်ဆောင်ပါ။ အလုပ်ရှင် ဘာသိချင်မလဲ၊ ဘာအကြောင်းအရာကို လိုချင်မလဲဆိုတာကို ခန့်မှန်းပြီး နောက်ဆုံးရရှိထားတဲ့ အချက်အလက်အကြောင်းအရာတွေကို တင်ပြပါ။ ဒီလုပ်ရပ် အလုပ်ရှင်ရဲ့ အချိန်နဲ့ လုပ်အားကို သက်သာစေပြီး သင့်ရဲ့အလုပ်အပေါ်မှာ စိတ်အားထက်သန်မှုအတွက်ကိုလည်း အသိအမှတ်ပြုသွားမှာ ဖြစ်ပါတယ်။

၃။ အမှားအတွက် တာဝန်ယူရုံသာမက တက်လမ်းဖြစ်အောင် လုပ်ဆောင်ပါ။
တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတာက ပျောက်ဆုံးနေတဲ့ သဘောတရားတစ်ခုဖြစ်ပါတယ်။ လူအများစုက သူတို့ရဲ့ အမှားတွေကို ၀န်ခံရမှာ ကြောက်ရွံ့ပြီး ဖုံးကွယ်ထားဖို့ ကြိုးစားတတ်ကြပါတယ်။ ဒီနေရာမှာ သင့်အနေနဲ့ အမှားကို တာဝန်ယူဖို့ မကြောက်တဲ့အကြောင်း အလုပ်ရှင်မြင်သာအောင် ပြသပါ။ သူအံ့အားသင့်သွားပါလိမ့်မယ်။ သင့်အမှားတစ်ခု လုပ်မိပြီဆိုရင် အလုပ်ရှင်ကို အရိုးသားဆုံးဝန်ခံလိုက်ပါ။ အမှားအတွက် ဖြေရှင်းချက်တစ်ခုတော့ ရှိနေပါစေ။ ပိုကောင်းတာက အမှားကြောင့် ဖြစ်သွားတဲ့ပြဿနာကို ကိုင်တွယ်ဖို့ ဘာတွေလုပ်ထားလဲဆိုတာကိုပါ တင်ပြလိုက်ပါ။ လူတိုင်းအမှားနဲ့ မကင်းနိုင်ပါဘူး။ သင့်အမှားကနေတဆင့် တာဝန်ခံမှု၊ ဖန်တီးနိုင်မှုနဲ့ အကောင်းဆုံးစွမ်းဆောင်ရည်တွေကို အလုပ်ရှင်ကို ပြသနိုင်ပါတယ်။

၎။ လေ့ကျင့်သင်ကြားပေးဖို့ တောင်းဆိုနေမယ့်အစား ကိုယ်တိုင်လေ့လာသင်ယူပါ။
အလုပ်အကိုင်နဲ့ ပတ်သက်ပြီး အကြံပေးလမ်းညွှန်ချက်အများစုမှာကတော့ သင့်ရဲ့အရည်အချင်းတွေ တိုးတက်လာဖို့အတွက် သင်တန်းတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ တက်ရောက်ဖို့ အလုပ်ရှင်ကို တောင်းဆိုခိုင်းလေ့ရှိပါတယ်။ ဒါပေမယ့် အခုပြောနေတာက အလုပ်ရှင်ရဲ့ အာရုံစိုက်အလေးပေးမှုကို ရရှိဖို့ပါ။ ဒါ့ကြောင့် ကိုယ်ပိုင်အချိန်မှာ ကိုယ်တိုင်ပဲလေ့လာသင်ယူပါ။ ဒီအတွက်လည်း ကုန်ကျစရိတ်အများကြီး ရှိမှာ မဟုတ်ပါဘူး။ အင်တာနက် အွန်လိုင်းကနေတဆင့် လေ့လာသင်ယူနိုင်တဲ့ အကြောင်းအရာတွေ အများကြီး ရှိပါတယ်။ အခြားသူတွေ အလုပ်ရှင်ဆီမှာ သင်တန်းတွေပို့ပေးဖို့ တောင်းဆိုနေချိန်မှာ သင့်ကတော့ ဘာတွေကို လေ့လာပြီးပြီဖြစ်ကြောင်း တင်ပြနိုင်ပါတယ်။ ဒီအတွက် ထိုက်တန်တဲ့ အကျိုးခံစားခွင့်ကို ပြန်လည်ရရှိမှာပါ။ သင့်အနေနဲ့ လုပ်ငန်းရဲ့ ငွေကြေးကို ချွေတာပေးရာရောက်ပြီး အကျိုးရှိစေသလို သင့်ရဲ့အရည်အချင်းတွေကိုပါ တိုးမြင့်နိုင်ပါတယ်။

၅။ ပြောတဲ့အတိုင်းလုပ်မယ့်အစား ကိုယ်ပိုင်တီထွင်သုံးသပ်မှုနဲ့ လုပ်ဆောင်ပါ။
ဘယ်သူမဆို ခိုင်းတဲ့အတိုင်းဖြစ်အောင် လုပ်တတ်ကြပါတယ်။ သင့်အလုပ်ရှင်ရဲ့ အာရုံစိုက်မှုကို ရဖို့အတွက်ဆိုရင်တော့ သင့်အနေနဲ့ ပိုပြီးအကျိုးသက်ရောက်မှုရှိအောင် လုပ်တတ်ဖို့ လိုပါတယ်။ ပြဿနာတစ်ခုခုကို တွေ့ရင် ပြင်လိုက်ပါ။ လုပ်ဆောင်ဖို့လိုအပ်နေတာတွေရင်လည်း လုပ်လိုက်ပါ။ ၀န်ထမ်းသစ်တွေအတွက် နည်းလမ်းတွေကို ချမှတ်ပါ။ သင်အလုပ်လုပ်တဲ့ လုပ်ငန်းစဉ်တွေကို မှတ်တမ်းတင်ထားပါ။ ပိုပြီးထူးခြားကောင်းမွန်အောင် လုပ်ဖို့ စဉ်းစားလို့ရသမျှကို လုပ်ဆောင်ပါ။ အလုပ်ရှင်တွေကို အခြားအရာတွေထက် အမြင်ရှိတာကို ပိုပြီးအသိအမှတ်ပြုပါတယ်။

၆။ အခြားလုပ်ငန်းဌာနများနဲ့ ဆက်ဆံရေးတည်ဆောက်ပါ။
သင့်ရဲ့အလုပ်ဌာနက အကူအညီလိုအပ်တဲ့အခါမှာ ဒီအချက်က အထောက်အကူဖြစ်စေမှာပါ။ ကုမ္ပဏီတစ်ခုလုံးမှာရှိတဲ့ ဌာနတွေနဲ့ ဆက်ဆံရေးတည်ဆောက်ထားနိုင်ခြင်းက သင့်အလုပ်ရှင်ရဲ့ အာရုံစိုက်မှုကို ခံရနိုင်တဲ့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဌာနအချင်းချင်းဆက်ဆံတယ်ဆိုပေမယ့် လူအချင်းချင်းခင်မင်မှုက ပိုပြီးထိရောက်ပါတယ်။ တစ်ခါတစ်လေမှာ အလုပ်ရှင်အတွက် အလုပ်တစ်ခုကို အကောင်းဆုံးလုပ်ပေးနိုင်မယ့်သူကို သိတယ်ဆိုတာနဲ့တင် အဆင်ပြေနေပါပြီ။

၇။ ပြဿနာတွေကြားမှာ တည်ငြိမ်မှုရှိပါစေ။
အခက်အခဲတွေ၊ ပဋိပက္ခတွေကြားမှာ တည်ငြိမ်မှုရှိတာကလည်း အလုပ်ရှင်တွေ သဘောကျတဲ့အချက်ဖြစ်ပါတယ်။ လူတွေကြားက ပြဿနာပဲဖြစ်ဖြစ်၊ စည်းမျဉ်းစည်းကမ်းတစ်ခု ပြောင်းလဲလိုက်လို့ အခြားသူတွေ ငြူစူနေတာပဲဖြစ်ဖြစ် ဘယ်လိုအခြေအနေမှာပဲ ဖြစ်ဖြစ် စိတ်တည်ငြိမ်မှုရှိပြီး ခံစားမှုတွေကို ထိန်းသိမ်းနိုင်ဖို့ လိုပါတယ်။ ပြဿနာဖြစ်နေချိန်မှာ တည်တည်ငြိမ်ငြိမ်နဲ့ ရှင်းရှင်းလင်းလင်း တွေးခေါ်ဆောင်ရွက်နိုင်စွမ်းက ခေါင်းဆောင်ဖြစ်နိုင်ချေရှိသူတွေရဲ့ အရည်အသွေးဖြစ်ပါတယ်။ ဒီလိုခေါင်းဆောင်တွေပဲ ရာထူးလစာတိုးမြှင့်ခံကြရတာဖြစ်ပါတယ်။

Credit-gentleman
အလုပ်ရှင်ရဲ့အာရုံစိုက်အလေးပေးမှူကို ရရှိဖို့နည်းလမ်းကောင်း(၇)ခု အလုပ်ရှင်ရဲ့အာရုံစိုက်အလေးပေးမှူကို ရရှိဖို့နည်းလမ်းကောင်း(၇)ခု Reviewed by Naethit on Friday, May 19, 2017 Rating: 5

No comments