ဝေယျာဝစ္စ. ဆောင်ရွက်သူများ သတိထား ဆင်ခြင်ဖွယ်
သင်္ကန်းဟောင်း , သင်္ကန်းစုတ်ကို လက်နှီးစုတ်နှင့် ကြမ်းတိုက်အဝတ်
ပြုလုပ်၍ ဝေယျာဝစ္စ. ဆောင်ရွက်သူများ သတိထား ဆင်ခြင်ဖွယ်
ကျောင်းတိုက်တော်တော်များများမှာ ကြုံတွေ့ရလေ့ရှိတဲ့ ပြဿနာကား
အခြားမဟုတ် ဝေယျာဝစ္စပြုလုပ်သူများနှင့် ဥပုသ်သည်များသည် ကျောင်းဝေယျာဝစ္စ ပြုလုပ်ကြရာဝယ် အလွယ်တကူတွေ့ရသည့် ရဟန်း,သာမဏေတို့၏ ဟောင်းနွမ်းနေသည့်သင်္ကန်းကို လက်နှီးစုတ်ပြုလုပ်ခြင်း, ကြမ်းတိုက်အဝတ် ပြုလုပ်ခြင်းများပင် ဖြစ်ပေ၏။
ဘုရားရှင်ရဲ့. အသုံးအဆောင်ဖြစ်တဲ့ သင်္ကန်း သပိတ်စတဲ့ ပရိက္ခရာ တွေဟာ လူ,နတ်,ဗြဟ္မာ သတ္တဝါတို့ရဲ့ ကိုးကွယ်ရာ ပရိဘောဂစေတီ ထိုက်တယ်။ စေတီဆိုတာ လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ပူဇော်ခြင်းကို ခံထိုက်တယ်။ ပူဇော်သူကို လူနတ်နိဗ္ဗာန် သုံးတန်သောချမ်းသာကို ပေးစွမ်း နိုင်တယ်။ ဒါကြောင့် စေတီထိုက်သော အရာဝတ္ထုကို မရိုမသေ, မလေးမစား မပြုသင့်ဘူး။ မလေးမစား ပြုမူတာကို မဆိုထားနှင့် ဓာတုစေတီဖြစ်တဲ့ ဓာတ်တော်ကို အပြစ်ဆိုမိရုံနှင့် အပါယ်လားကြောင်း ပေတဝတ္ထုမှာ အတိအလင်း ဆိုထားတာ ရှိပါတယ်။
ဘုရာရှင်ရဲ့. အသုံးအဆောင် မှန်သမျှဟာ လူ,နတ်,ဗြဟ္မာ သတ္တဝါတို့၏ ပူဇော်အထူးကို ခံထိုက်သလို၊ ရဟန်းသံဃာတော်တို့ရဲ့. အသုံးအဆောင် မှန်သမျှဟာလည်း လူသားများအတွက် စေတီထိုက်တယ်။ ရဟန်းတော်တို့ရဲ့. သင်္ကန်းစုတ်ရယ်လို့ မရိုမသေ, မလေးမစား မပြုသင့်ဘူး။ သင်္ကန်းဟောင်း,သင်္ကန်းစုတ်ဖြစ်သော်လည်း သင်္ကန်းကို ရိုသေလျှင် သံဃာကိုရိုသေရာ ရောက်တယ်။ ဒါကြောင့် သင်္ကန်းကို ရိုသေရမယ်။
ဒီအကြောင်းကို ထေရဂါထာအပါဒါန် ဂေါသာလမထေရ်ဝတ္ထုမှာ ဟောထားတယ်။ လွန်ခဲ့တဲ့ (၉၁ )ထက်က ဥဒင်္ဂဏဆိုတဲ့ တောင်ယံမှာ ရှင်ပစ္စေကဗုဒ္ဓါတစ်ပါး သီတင်းသုံးနေတော်မူပါတယ်။ တစ်နေ့မှာ ရှင်ပစ္စေက ဗုဒ္ဓါရဲ့. သင်္ကန်းတော်ဟာ ဝတ်လို့မရနိုင်လောက်အောင် စုတ်ပြတ်ဟောင်းနွမ်း နေတဲ့အတွက် သင်္ကန်းကို အမှတ်မထားပဲ သွားသည့်သူများနှင့် လူမိုက်များ မနင်းမိအောင် သစ်ပင်တစ်ပင်ရဲ့. အကိုင်းပေါ် တင်ထားပါတယ်။
အမျိုးကောင်းသားတစ်ဦးဟာ ကိစ္စတစ်ခုနှင့် တောထဲသို့လာစဉ် သစ်ကိုင်းတစ်ခုပေါ်မှာ ချိတ်ဆွဲထားတဲ့ သင်္ကန်းစုတ်ကြီးကို မြင်တဲ့အခါ ဤသင်္ကန်းဟာ ရဟန်းတော်များဝတ်ဆင်ပြီး ကိလေသာအညစ်အကြေးများ ကို ကင်းစင်အောင် ဆေးလျှော်တော်မူကြတယ်။ သင်္ကန်းဆိုတာ ရဟန်းတို့ရဲ့. အောင်လံ ဖြစ်သလို အရဟတ္တဖိုလ်ရဲ့. တံခွန်လည်းဖြစ်တယ်။ လူ,နတ်,ဗြဟ္မာ သတ္တဝါတို့၏ ဦးခိုက်ပူဇော်ထိုက်တဲ့ အဝတ်မျိုးလည်း ဖြစ်တယ်။
ဒီသင်္ကန်းကို ငါဘာဖြင့် ပူဇော်ရင် ကောင်းမလဲလို့ ဟိုဟိုသည်သည် ကြည့်လိုက်တဲ့အခါ နီနီရဲရဲ ပွင့်နေတဲ့ ပန်းဆွဲလွဲလို့ အမည်ရတဲ့ပန်းတွေကို မြင်ရတဲ့အခါ ဝမ်းမြောက်ဝမ်းသာစွာ ပန်းသုံးခိုင်ဆွတ်ခူးပြီး သင်္ကန်းပေါ်ကို တင်လှူပူဇော်ခဲ့တယ်။ ပြီးတော့ ရိုသေစွာ ရှိခိုးဦးချခဲ့တယ်။
ဒီကောင်းမှုကြောင့် ကွယ်လွန်တော့ တာဝတိံသာ နတ်ပြည်မှာ နတ်သား ဖြစ်ရတယ်။ နတ်ဘဝက စုတေတော့ (၉၁ )ကမ္ဘာပတ်လုံး အပါယ်လေးပါးကို တစ်ကြိမ်တစ်ခါမျှ မလားခဲ့ရဘူး။
စွန့်ပစ်ထားတဲ့သင်္ကန်းကို ပူဇော်တဲ့ကောင်းမှုကြောင့် အပါယ်ဘေးက ကင်းဝေးပြီး အခု ဂေါတမဘုရားလက်ထက်မှာ ချမ်းသာကြွယ်ဝတဲ့ အမျိုးမှာ ဂေါသာလလို့ အမည်ရပြီးတစ်ကုဋေတန် နားဋောင်းကို ဝတ်ဆင်နိုင်တဲ့သူ ဖြစ်ခဲ့ရတယ်။ သောဏကောဋိကဏ္ဏ သူဋ္ဌေးသားနှင့်သူငယ်ချင်းဖြစ်ကြတယ်။
အရွယ်ရောက်လာတော့ သောဏသူဌေးသား သင်္ကန်းဝတ်တော့ သူလဲ အားကျပြီး သင်္ကန်းဝတ်ခဲ့တယ်။
ရဟန်းပြုပြီး အခြားကို မသွားပဲ မယ်တော်ကြီး၏ဆွမ်းကို အမှီပြုပြီး ရဟန်းတရား အားထုတ်လိုက်တာ ရဟန္တာဖြစ်တော်မူတယ်။
ဒီဝတ္ထုကိုထောက်၍ သင်္ကန်းဆိုတာ စုတ်ပြတ်နေသော်လည်း လူသားများအတွက် ပရိဘောဂစေတီ ထိုက်နေသေးတယ်။ မထင်မဲ့မြင် မပြုကောင်းဘူး။ မရိုမသေ. မလုပ်ကောင်းဘူး။ မရိုမသေ ပြုလုပ်ခဲ့ပါလျှင် အပြစ်ဖြစ်တတ်တယ်။
ဒါကြောင့် သင်္ကန်းအဟောင်း,သင်္ကန်းအစုတ်များကို လူသားများအနေဖြင့် လက်သုတ်ပုဝါ, လက်နှီးသုတ်, ကြမ်းတိုက်အဝတ် မပြုလုပ်သင့်ကြောင်း စေတနာဖြင့် တင်ပြအပ်ပါသည်။
( ကျောင်းမှာ ဝေယျာဝစ္စ ပြုလုပ်သူများ, ဥပုသ်သည်များ အဖြစ်များတတ် ပါသည်။ ကုသိုလ်ရဖို့ထက် အကုသိုလ်ရမှာ ဖြစ်သောကြောင့် ဆင်ခြင်ကြ စေလိုပါသည်။ )
#Achitlwinpyin
ဝေယျာဝစ္စ. ဆောင်ရွက်သူများ သတိထား ဆင်ခြင်ဖွယ်
Reviewed by Naethit
on
Tuesday, May 16, 2017
Rating:
Reviewed by Naethit
on
Tuesday, May 16, 2017
Rating:

No comments