စကတ်အတိုပြတ်ဝတ်တိုင်း အမျိုးသမီးများမုဒိန်းအကျင့်ခံရတော့မလား?



သတင်းအစီအစဉ် တင်ဆက်သူတစ်ဦး ဖြစ်တဲ့ Stephen Dixon က မိန်းကလေးတစ်ယောက်ဟာ ညနေခင်းတစ်ခုမှာ စကတ်အတိုအပြတ်ဝတ်၊ ယမကာ အနည်းငယ် မှီဝဲထားမယ်ဆိုရင် အဲဒါဟာ ကိုယ်ထိလက်ရောက် ဖျက်လိုဖျက်ဆီးခံရဖို့ တစ်နည်းနည်းနဲ့ တွန်းပို့နေရာရောက်တယ်လို့ ထင်မြင်ချက်ရှိနေသူ ဖြစ်ပါတယ်။ ဒါ့ပြင် အလိုမတူဘဲ သားမယား ပြုကျင့်ခံရတဲ့ အမျိုးသမီးတစ်ဦးဟာ စကတ် အတိုအပြတ်ဝတ်၊ ယမကာ မှီဝဲထားသူဆိုရင်လည်း အမျိုးသမီးရဲ့ ၀တ်စားဆင်ယင် ထုံးဖွဲ့မှုကြောင့် ဖြစ်တာကြောင့် အမျိုးသမီးကသာလျှင် မှားတယ်လို့ သူက တွေးထင်နေသူပါ။

ဒီထင်မြင်ယူဆချက်အပေါ် လက်ခံသူတွေလည်း ရှိနိုင်သလို ဘယ်လိုမှ လက်ခံပေးလို့ မရနိုင်တဲ့ သူတွေလည်း ရှိနေမှာ သေချာပါတယ်။ ဒါကြောင့် Sky News သတင်းအစီအစဉ် တင်ဆက်သူတွေက အမျိုးသမီးတစ်ဦး သားမယား ပြုကျင့်ခံရတာဟာ အဲဒီအမျိုးသမီးရဲ့ အတိုအပြတ် ၀တ်ဆင်မှုကြောင့် ဖြစ်တယ်လို့ လူသုံးယောက်မှာ တစ်ယောက်က တွေးထင်နေတဲ့အကြောင်းကို အခြေတည်ပြီး ဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ကြပါတယ်။ အဖြေကတော့ ဆွေးနွေးပွဲရဲ့ ပထမဆုံးရလဒ်မှာကတည်းက Stephen Dixon ရဲ့ ထင်မြင်ယူဆချက်ဟာ လွဲမှားနေခဲ့ပါတယ်။

ဘာဖြစ်လို့လဲဆိုရင်တော့ အလိုမတူဘဲ သားမယား ပြုကျင့်မှုတွေ ဘယ်လိုဖြစ်ရတာလဲ ဆိုတဲ့ အခြေခံအချက်တွေကို Stephen တစ်ယောက် လွဲမှားစွာ နားလည်လက်ခံထားလို့ပဲ ဖြစ်ပါတယ်။ အဲဒီအချက်တွေကတော့ သားမယား ပြုကျင့်ခံရတဲ့ အမျိုးသမီး အများစုဟာ ညကြီး အချိန်မတော် လျှောက်သွား၊ အရက်သေစာ သောက်စား၊ မူးယစ်နေသူတွေ မဟုတ်ကြဘဲ ပြုကျင့်ခံရတဲ့ ၉၀ ရာခိုင်နှုန်းလောက်ဟာလည်း ဘာကြောင့်ဖြစ်တာလဲ ဆိုတာကို ကျူးလွန်သူကိုယ်၌ကသာ သိနိုင်မှာပါ။ သားမယား ပြုကျင့်ခံရသူတွေကို ကူညီပေးနေတဲ့အဖွဲ့ဝင်တစ်ဦးကတော့ “မုဒိမ်းကျင့်ခံရသူတွေက သူတို့အိမ်မှာ၊ အလုပ်နေရာထဲမှာ၊ ဒါမှမဟုတ် အရင်ကတည်းက သူတို့ကိုယ်သူတို့ လုံခြုံမှုရှိတယ်လို့ ထင်ထားကြတဲ့ နေရာတွေမှာ ပြုကျင့်ခံရတာပါ” လို့ ရှင်းပြပါတယ်။

“ဂျင်း ၀တ်ထားတဲ့ အမျိုးသမီးတွေလည်း ပြုကျင့်ခံရတယ်၊ အိပ်ယာဝင် ၀တ်စုံ ၀တ်ထားတဲ့ အမျိုးသမီးတွေလည်း ပြုကျင့်ခံရတယ်၊ အတွင်းခံသာဝတ်ထားတဲ့ အမျိုးသမီးတွေလည်း ပြုကျင့်ခံရတဲ့ အထဲမှာ ပါဝင်ကြပါတယ်၊ ဒါ့ပြင် သားမယား ပြုကျင့်ခံရတာဟာ ဆယ်ကျော်သက် အရွယ်လေးမို့၊ ခန္ဓာကိုယ် အချိုးအစား လှပလို့၊ ကိုယ်လုံးကိုယ်ပေါက် ဆွဲဆောင်မှုရှိလို့ ဆိုတာတွေနဲ့လည်း တစ်ထပ်တည်း သက်ဆိုင်မနေပါဘူး၊ ဘာဖြစ်လို့လဲဆိုရင် ပြုကျင့်ခံရသူတွေထဲမှာ သက်ပြည့် အငြိမ်းစားတွေ၊ ဘီးတပ်ကုလားထိုင် အသုံးပြုနေရသူတွေ၊ အိမ်ထဲက အိမ်ပြင် မထွက်သူတွေ အပြင် အ၀တ်အစား လုံလုံခြုံခြုံ၊ သပ်သပ်ရပ်ရပ် ၀တ်ဆင်ထားသူတွေလည်း ပါဝင်နေလို့ပဲ ဖြစ်ပါတယ်”

“ဒုတိယအချက်အနေနဲ့ကတော့ ၀တ်စားဆင်ယင်မှုက အလိုတူလိုက်လျောဖို့ မဟုတ်သလို အမျိုးသမီးတိုင်းမှာ သူတို့ရဲ့ဆန္ဒအရ လွတ်လပ်စွာ ရွေးချယ် ၀တ်ဆင်နိုင်ခွင့် အမှန်တရား ရှိရပါမယ်၊ တချို့အမျိုးသမီးတွေက အမျိုးသားတွေအတွက် ၀တ်ဆင်ကြတယ်၊ တချို့တွေကျပြန်တော့ အမျိုးသမီးအချင်းချင်း အတွက် ၀တ်ဆင်ကြတယ်၊ ဒါပေမဲ့ အမျိုးသမီးအများစုကတော့ သူတို့အတွက် သူတို့ ၀တ်ဆင်ကြတာ ဖြစ်ပါတယ်၊ ဒါကြောင့် အမျိုးသမီးတစ်ယောက် အတိုအပြတ်ဝတ်ပြီး ညနေခင်း အပြင်ထွက်တိုင်း အမျိုးသားတွေအတွက် မဟုတ်လို့ Stephen Dixon ရဲ့ အဆိုကို နားလည်လက်ခံပေးဖို့ ခက်ခဲပါတယ်”

“နောက်ဆုံးပြောချင်တာကတော့ အမျိုးသမီးတစ်ယောက် အပြင်သွားတယ်၊ သူငယ်ချင်းတွေနဲ့ ပျော်တယ်၊ ပါးတယ်၊ သူတို့ အဆင်ပြေသလို ၀တ်စားမယ်၊ ဒါတွေဟာ ဖိုမသဘာဝ အကြမ်းဖက်ခံရတာနဲ့ မသက်ဆိုင်ပါဘူး၊ တကယ်လို့သာ သင်ဟာ အမျိုးသား တစ်စုံတစ်ယောက်နဲ့ ဖိုမကိစ္စအတွက် ချိတ်ဆက်မထားဘူးဆိုရင် သင် ဘာပဲဝတ်ဝတ် ကိစ္စမရှိပါဘူး၊ ဒါက သင့်ရဲ့ ကိုယ်ပိုင် ရွေးချယ်ခွင့်ပါ၊ စကတ်က အဓိကကိစ္စ မဟုတ်ပါဘူး၊ စကတ်က စကတ်ပါပဲ”

CREDIT : MOMOLAY

#Achitlwinpyin 
စကတ်အတိုပြတ်ဝတ်တိုင်း အမျိုးသမီးများမုဒိန်းအကျင့်ခံရတော့မလား? စကတ်အတိုပြတ်ဝတ်တိုင်း အမျိုးသမီးများမုဒိန်းအကျင့်ခံရတော့မလား? Reviewed by Naethit on Monday, May 15, 2017 Rating: 5

No comments