အရက်နာကျသူများအတွက်အကောင်းဆုံးဖြေဆေး...

ပျော်ပါးဖို့အတွက် သောက်တာပဲဖြစ်ဖြစ်၊ စိတ်ညစ်လို့သောက်တာပဲဖြစ်ဖြစ်၊ သောက်တဲ့အချိန်တုန်းကတော့ စည်းစိမ်ရစ်ပြီး မနက်နိုးလာတဲ့အခါမှာတော့ ခေါင်းကိုက်၊ အစာအိမ်နာနဲ့ ရီဝေဝေတွေဖြစ်ပြီး အလုပ်မသွားနိုင်တဲ့အထိ ဖြစ်ရပါတယ်။ တကယ့်ကိုခံစားရခက်တဲ့ဝေဒနာပါပဲ။ အရက်သောက်နေကျသူမဟုတ်ဘူးဆိုရင် ပိုဆိုးပါတယ်။ အဆိပ်ကိုအဆိပ်နဲ့ပြန်ဖြေသလိုဘဲ အရက်ကိုအရက်နဲ့ပြန်ဖြေလို့ရတယ် ဆိုပေမယ့်လည်း အမြဲတမ်းဒီလိုလုပ်နေမယ်ဆိုရင်တော့ အရက်သမားလုံးလုံးကြီး ဖြစ်သွားပါလိမ့်မယ်။ ဒီလိုမဖြစ်ချင်ဘူးဆိုရင်တော့ ယခုဖော်ပြပေးမယ့်နည်းနာများကို လိုက်နာဖို့လိုပါတယ်နော်။

(၁) အစာမစားဘဲမနေပါနဲ့။

ညကအရှိန်ကြောင့် မနက်ခင်းမှာ လန်းလန်းဆန်းဆန်းမထနိုင်၊ ကောင်းမွန်စွာလည်း မအိပ်စက်နိုင်ဘဲ နိုးထလာတတ်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင်တော့ တော်တော်များများက အစာမစားဘဲ အိပ်ရာထဲပဲ တစ်နေကုန် လဲလျောင်းနေတတ်ပါတယ်။ အစာစားရင်ပြန်အန်ထွက်မှာကိုစိုးပြီး မစားရဲကြပါဘူး။ ဒါကကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ တကယ်ပြုလုပ်ရမှာကတော့ အပျော့စာကိုနည်းနည်းဖြစ်ဖြစ်စားပေးပါ။ ဒါမှမဟုတ် သံပုရာရည်၊ ပျားရည်အနည်းငယ်သောက်ပေးပါ။ စားသောက်ပြီးမှနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင်ကြိုးစားအိပ်ပါ။ အိပ်ရေးဝမှ ခေါင်းကိုက်သက်သာစေတာကြောင့် နှစ်ခြိုက်စွာအိပ်ပေးဖို့လိုပါတယ်နော်။

(၂) ဂျင်းရဲ့အစွမ်းအာနိသင်

ဂျင်းက အရက်နာကျသူများအတွက် အကောင်းဆုံးဆေးလို့ပြောရင်လည်းမမှားပါဘူး။ ဂျင်းမှာပါဝင်တဲ့ မဂ္ဂနီဆီယံ၊ ဇင့်နဲ့ ခရိုမီယံ စတာတွေက သွေးလည်ပတ်မှုကိုကောင်းမွန်စေတဲ့အပြင် ပျို့အန်တာကို သက်သာစေနိုင်တာကြောင့် ကားမူတတ်တဲ့သူများရဲ့လက်စွဲလည်း ဖြစ်နေပြန်ပါတယ်။ သွေးလည်ပတ်မှုကောင်းမွန်စေတဲ့ ဂျင်းကိုစားသုံးပေးမယ်ဆိုရင် သွေးတွင်းမှာရှိတဲ့ အဆိပ်အတောက်များကို ချွေးမှတစ်ဆင့်ဖယ်ရှားပေးနိုင်စွမ်းရှိတာကို တွေ့ရမှာပါ။ ပျို့အန်ချင်စိတ်ကို ထိန်းချုပ်ပေးနိုင်စွမ်းရှိတာကြောင့် အရက်နာကျသူများအတွက် တကယ့်ကို ကောင်းမွန်တဲ့ဆေးတစ်လက်ပါပဲ။ ဒါ့ကြောင့် ဂျင်းပြုတ်ရည်ကိုသောက်သုံးဖို့အကြံပြုပါရစေ။ ဂျင်းပြုတ်ရည်သီးသန့်ပဲ မသောက်ချင်ဘူးဆိုရင်တော့ လက်ဖက်ရည်ထဲသို့ ဂျင်းထည့်ပြီး သောက်သုံးလို့ရပါတယ်နော်။

(၃) သောက်ပါ။

သောက်ပါလို့ ဆိုရာမှာ အရက်ကို ပြောတာ မဟုတ်ပါဘူးနော်။ အယ်လ်ကိုဟော လုံးဝ မပါဝင်တဲ့ ဖျော်ရည်၊ သစ်သီးဖျော်ရည်နဲ့ ရေများများ သောက်ပေးဖို့လိုအပ်ပါတယ်။ အရက်အရှိန်ကြောင့် ရင်ပူပြီး အသည်းမပျက်စီးရလေအောင် ရေဓာတ်ဖြည့်တင်းပေးရမှာပဲ ဖြစ်ပါတယ်။ အယ်လ်ကိုဟောက ခန္ဓာကိုယ်တွင်းမှ ရေဓာတ်များကို ခမ်းခြောက်စေနိုင်ရုံသာမက လိုအပ်တဲ့သကြားဓာတ်နှင့် အာဟာရဓာတ်များကို စုပ်ယူသွားတာကြောင့် ရေများများသောက်ပေးခြင်းဖြင့် ပြန်လည်အားဖြည့်ဖို့ လိုပါတယ်။ ဒါ့အပြင် အုန်းရည်က အယ်လ်ကိုဟောကြောင့် ဖြစ်တဲ့ ဝေဒနာများကို သက်သာစေနိုင်တာကိုတွေ့ရပါတယ်။ ဒါ့ကြောင့် ရေအစားအုန်းရည်ကိုသောက်သုံးလို့ရပါတယ်။

(၄) ဗီတာမင်ဓာတ်ဖြည့်တင်းပေးပါ။

အရက်နာကျသူများအတွက် အကောင်းဆုံးအားဆေးကတော့ ဗီတာမင်ဓာတ်ပဲဖြစ်ပါတယ်။ ငါး၊ အသည်းအမြစ်၊ အာလူး၊ ဆီးသီးနှင့် ငှက်ပျောသီး စတဲ့အစားအစာများက ဗီတာမင်B6 ကြွယ်ဝစွာ ပါဝင်တာကြောင့် အရက်နာကျသူတွေ စားသုံးသင့်တဲ့ အစားအစာများပဲ ဖြစ်ပါတယ်။

(၅) အဆီနှင့် အမျှင်ဓာတ်ပါဝင်တဲ့ အစားအစာများကို ရှောင်ကြဉ်ပါ။

အရက်အရှိန်ကြောင့် ဝေဒနာခံစားရချိန်မှာ ရှောင်ကြဉ်ရမယ့်အစားအစာများလို့ပြောလို့ရပါတယ်။ အရက်နာကျချိန်မှာ အစာချေလမ်းကြောင်းစနစ်က ကောင်းကောင်းအလုပ်မလုပ်နိုင်ပါဘူး။ အထူးသဖြင့် မနက်စာကို အဆီနှင့်အမျှင်ဓာတ်များ ပါဝင်တဲ့ အစားအစာကို စာသုံးမယ်ဆိုရင် အစာချေဖျက်မှု စနစ်ကို နှောင့်နှေးစေပြီး တစ်နေ့တာကိုမလန်းမဆန်းနဲ့ ဖြတ်သန်းရပါလိမ့်မယ်။ ဒါ့ကြောင့် အဆီနှင့် အမျှင်ဓာတ်ပါဝင်မှုနှုန်းများတဲ့ အစားအစာကို စားသုံးမယ့်အစား ဆယ်လ်မွန်ငါးကဲ့သို့သော ငါးများကိုသာ စားသုံးပေးပါ။ Omega-3 Fatty အက်ဆစ် ပါဝင်တာတဲ့ ဆယ်လ်မွန်ငါးကဲ့သို့သော အစားအစာကိုရွေးချယ်စားသုံးပေးမယ်ဆိုရင် အစာကြေလွယ်တဲ့အပြင် ဦးနှောက်ကြောဆိုင်ရာ လုပ်ဆောင်မှုများကို ပုံမှန်အတိုင်းလည်ပတ်စေနိုင်တာကြောင့် ခေါင်းကိုက်ခြင်းမျိုးမဖြစ်စေတော့ပါဘူး။

စံပယ်(ရွှေအင်းလေး)
အရက်နာကျသူများအတွက်အကောင်းဆုံးဖြေဆေး... အရက်နာကျသူများအတွက်အကောင်းဆုံးဖြေဆေး... Reviewed by Naethit on Tuesday, June 13, 2017 Rating: 5

No comments