တရားစွဲဖို့ခက်တဲ့ ကမ္ဘာ့ရာဇဝတ်သား - မောင်သာချို (Post)

တရားစွဲဖို့ခက်တဲ့ ကမ္ဘာ့ရာဇဝတ်သား
မောင်သာချို

(တစ်)
ယခုလောလောလတ်လတ်ရက်များအတွင်း ထားဝယ်မြို့ မောင်းမကန်ကမ်းခြေသို့ တစ်ခေါက်ထပ်ရောက်ပြန်ပါသည်။ ကျွန်တော်ခဏခဏ ရောက်တတ်သည့် ကမ်းခြေက မောင်းမကန်ကမ်းခြေဖြစ်ရာ ယခုတစ်ခါမှာက ဆရာမဂျူးနှင့်ဖြစ်ပါသည်။ ထုံးစံအတိုင်း စာပေဟောပြောပွဲကိစ္စပဲပေါ့။
ယခုတိုင်သဘာဝအတိုင်းရှိ နေရစ်ဆဲဖြစ်သည့် မောင်းမကန်ကမ်းခြေမှာ စားနပ်ရိက္ခာများအကြောင်းဆီသို့ စကားရောက်သွားခဲ့ရာ ဆရာမက သူ့သြစတြေးလျ အတွေ့အကြုံတစ်ခုကို ဝေငှပါသည်။ အစားအစာမှာစားပြီး မကုန်လျှင် ဒဏ်ရိုက်သည့်ကိစ္စ။ အို..အံ့သြစရာကြီးပါလား။ ကိုယ့်ပိုက်ဆံနှင့် ကိုယ်ပေးဝယ်ပြီးစားတဲ့ဥစ္စာ။ အလကားယူစားတာမှ မဟုတ်တာ။ ကျန်တော့ဘာဖြစ်သတုံး။ မကုန်တော့ဘာဖြစ်သတုံး။ ဒါက ကျွန်တော့် မြန်မာဆန်ဆန်အတွေး။
သြစတြေးလျမှာက ထိုမြန်မာဆန်သော အတွေးကိုလက်မခံပါ။ အထူးသဖြင့် နှစ်သက်သလို ကိုယ်တိုင်ယူစားရသည့် ဘူဖေး(Buffet) ဆိုင်များက လက်မခံပါ။ မကုန်ဘဲကျန်နေလျှင် ဒဏ်ငွေပေးဆောင်ပေတော့။

(နှစ်)
သြစတြေးလျအခြေစိုက် မြန်မာစာရေးဆရာ ကိုသာထက်အောင်တစ်ယောက် မကြာခင်ရက်များအတွင်းက ရန်ကုန်သို့ရောက်လာပြန်ရာ ကျွန်တော်နှင့်ဟိုနားသွားထိုင်၊ သည်နားသွားထိုင်ထိုင်ဖြစ်ကြပါသည်။ ဤ၌ သြစတြေးလျက စားသောက်ဆိုင်များအကြောင်း စကားပြောဖြစ် ပြန်ပါသည်။
စားသောက်ဆိုင်များတွင် ပတ္တရောင်ရဲလှည့်သလို လျှောက်လှည့်ကာရှောင်တခင်ဝင်၍၀င်၍ စစ်ဆေးတတ်သော အရာရှိများအကြောင်းကို ကျွန်တော်ကမေးကြည့်မိပါသည်။
‘‘အဲဒါ Social Security Officer ခေါ်သဗျ’’ တဲ့။ နာမည်ကလေးက လှလိုက်တာ။ လူမှုလုံခြုံရေးအရာရှိတဲ့။ နာမည်ကလေးသာလှတာ မဟုတ်ပါဘူး။ အလုပ်အကိုင်ကလည်း လှပါတယ်။
ထိုအရာရှိများက စားသောက်ဆိုင်များရှိရာဆီသို့ လှည့်လည်စစ်ဆေးကာ အစားအစာကျန်နေသူများ၊ ကုန်စင်အောင်မစားသူများကို ဒဏ်တပ်လေ့ရှိသည်ဟု ဆိုပါသည်။
မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံအတွင်းက တချို့တချို့သော ဘူဖေး (Buffet) ဆိုင်များတွင်လည်း ထိုနည်းနှင်နှင်ပင် ဖြစ်ပါသည်။ မိမိကုန်မည်ထင်သည့် ပမာဏကိုသာထည့်စား။ လောဘဖြင့် မကုန်နိုင်မခန်းနိုင် ထည့်ထားပြီး ကျန်နေခဲ့သော် ဒဏ်ဆောင်ပေတော့။
ကျွန်တော်ကြိုက်ပါသည်။

(သုံး)
အစစ အရာရာလုံးစေ့ ပတ်စေ့ မကောင်းနိုင်သော ကျွန်တော့်အနေနှင့် တစ်ခုစ နှစ်ခုစ ကောင်းမည်ဟု ထင်သည်ကလေးများကို ကြိုးစား၍ ကျင့်ကြံနေခဲ့မိသည်မှာ ကြာပါပြီ။ ဂျပန်အချို့နှင့် သိကျွမ်း ကိုရီးယားအချို့နှင့် ခင်မင်ကာ သူတို့ သူတို့တွေ၏ စရိုက်အချို့ကို ကြိုက်မိသွားပြီး လိုက်ပါကျင့်ဆောင်မိပါသည်။ ဥပမာ-ထမင်းစားလျှင် ထမင်းတစ်စေ့မှ မကျန်အောင်စားမိခြင်း။ ဂျပန်တို့၊ ကိုရီးယားတို့က ပန်းကန်ထဲ၌ အစားအစာကျန်နေလျှင် အထင်သေးတတ်ကြသည် မဟုတ်လား။ မိုးထဲ၊ လေထဲ၊ ရွှံ့ထဲ၊ နွံ့ထဲ၌ ခက်ခဲပင်ပန်းစွာ ရင်းနှီးပေးဆပ်ပြီးမှ ရရှိလာသည့် ဆန်စေ့၊ ဂျုံစေ့ကလေးများကိုတန်ဖိုးထားသည့်သဘော။ အလဟဿအဖြစ်မခံသည့် သဘော။ ငယ်ငယ်က ကျေးလက်တောရွာများတွင် ကျင်လည်နေထိုင်ခဲ့ရသည့် ကျွန်တော့်အဖို့ သည်လိုစိတ်ထားရှိသူ နိုင်ငံသားများကို သဘောကျမိသည်မှာ ဘာမှမဆန်းကြယ်လှပါ။
လူ့အဖွဲ့အစည်းကောင်းမွန်ဖို့ရာအတွက် လူတစ်ယောက်ချင်း၌ တိုးတက်သော ပြောင်းလဲခြင်းရှိရန် လိုအပ်ပါသည်။ အကြောင်းတိုက်ဆိုင်သဖြင့် ကမ္ဘာကျော်ရုရှားစာရေးဆရာကြီး လီယိုတော်စတွိုင်း(Leo Tolstoy) ၏ စကားကလေးတစ်ခုကို ကောက်နုတ် ဖော်ပြလိုပါသည်။
Many People have ideas on how others should change; Few people have ideas on how they should change ... တဲ့။
လူအများစုသည် အခြားအခြားသောသူတို့ မည်ကဲ့သို့ပြောင်းလဲသင့်ကြောင်း တွေးကြ၊ ခေါ်ကြတတ်ပေသတဲ့။ လူအနည်းငယ်ကမူ သူတို့ကိုယ်တိုင်မည်ကဲ့သို့ပြောင်းလဲသင့်ကြောင်း စဉ်းစားတွေးခေါ်ကြလေသတဲ့။
တော်စတွိုင်း၏ အဆိုအမိန့်က ရင်ထဲတွင် စွဲငြိဖို့ကောင်းပါသည်။ ဟုတ်ပါရဲ့။ ကျွန်တော်တို့တစ်တွေက လူတကာကို လျှောက်ပြီး ဝေဖန်အပြစ်တင်နေလိုက်ကြတာ။ ဘယ်နေရာမှာ ဘယ်သူကဘာကိုပြုပြင်သင့်တယ်၊ ဘယ်ဝါက ဘာကိုပြောင်းလဲသင့်တယ် စသည် စသည်။ ကိုယ်ကိုယ်တိုင် မည်သို့ပြုပြင်မလဲဆိုသည်ကိုဖြင့် ကျွန်တော်တို့ တစ်ခါမှမစဉ်းစား။
သူတို့က သူတို့လူ့အဖွဲ့အစည်းကောင်းမွန်ဖို့ရာအတွက် သူတို့နိုင်ငံသားတစ်ဦးချင်း တစ်ယောက်ချင်း၏ အပြုအမူဓလေ့စရိုက်များကအစ ကမ္ဘာသားဆန်အောင် ပြုပြင်မွမ်းမံရုံမျှမက အရေးယူ ဒဏ်တပ်ကြလေသတဲ့။
သူတို့အရေးယူဒဏ်တပ်သည့်အမှုကလည်း ကြည့်ပါဦး။ ခိုးမှု၊ သတ်မှု၊ လုမှု၊ လိမ်လည်မှု စသည်စသည်ဖြင့်တစ်ခုမှမဟုတ်။ ပန်းကန်ထဲ၌ အစားအစာများ ကျန်နေခြင်းအမှု၊ ကုန်အောင်မစားသည့်အမှု။
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (FAO) က လူတို့ထုတ်လုပ်သည့် ရိက္ခာများအနက် သုံးပုံတစ်ပုံသည် အလဟဿဖြစ်ကာ ဆုံးရှုံးသွားသည်ဟုဆိုထားရာ ထိုအလဟဿ ဖြစ်သည်ဆိုသည့် ပမာဏသည် သွန်ပစ်သောအစားအစာ၊ လွှင့်ပစ်သော အစားအစာ၊ ကျန်နေ သောအစားအစာများပင်ဖြစ်ပါသည်။ မကုန်နိုင်တော့သည့် ထမင်းပွဲ ဟင်းပွဲများ၊ မသောက်နိုင်တော့သည့် အဖျော်ယမကာများ၊ သိုးသွားပုပ်သွားရိသွားရော်သွားသည့် အသီးအနှံ အခက်အရွက်များ စသည်စသည်တို့သည် အလဟဿ သုံးပုံတစ်ပုံထဲ၌ ပါဝင်ပါသည်။
ယင်းတို့သည် ငတ်မွတ်နေသည့် ကမ္ဘာသူကမ္ဘာသားတို့အပေါ် စော်ကားမှုဖြစ်ပါသည်။ ဆာလောင်နေသည့် ကမ္ဘာသူကမ္ဘာသားတို့အပေါ် ရင့်သီးမှုဖြစ်ပါသည်။ အာဟာရမပြည့်ဝသည့် ကမ္ဘာသူကမ္ဘာသားတို့အပေါ် လူမဆန်မှုဖြစ်ပါသည်။ ယင်းသည် ယဉ်ကျေးသည့် ကမ္ဘာကြီးအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများပင် ဖြစ်ပါသည်။ တရားစွဲဖို့ရာ ပေါ်ပေါ်လွင်လွင်မရှိသော၊ ပြတ်ပြတ်သားသားမရှိသော အမှုအခင်းများပင်ဖြစ်ပါ၏။
လူမရှိဘဲ လေအေးပေးစက်ကို ဖွင့်ထားမှုများ၊ ပြည့်နေသည့် ရေတိုင်ကီပေါ်က ရေပိုက်ခေါင်းကို ဖွင့်ထားမှုများ၊ နေ့ခင်းကြောင်တောင် လျှပ်စစ်မီးကို ဖွင့်ထားမှုများ စသည်စသည်တို့သည်လည်း တရားစွဲဆိုရန် ခက်ခဲသည့် ရာဇဝတ်မှုများပင်ဖြစ်ပါသည်။

Social Security Officer တဲ့။ လူမှုဘဝလုံခြုံရေးအရာရှိ။ ကမ္ဘာအနှံ့ကျယ်ကျယ်ပြန့်ပြန့် ခန့်ထားကာ ကမ္ဘာသူကမ္ဘာသား အချင်းချင်းအပေါ် တစ်ချက်ကလေးမှ မငဲ့ကွက်သူများကို ဒဏ်ခပ်ပြင်းပြင်း ရိုက်စေချင်စမ်းပါဘိ။

Credit to Book Shelf (စာအုပ်စင်)

#မြန်မာအင်တာနက်စာကြည့်တိုက်
တရားစွဲဖို့ခက်တဲ့ ကမ္ဘာ့ရာဇဝတ်သား - မောင်သာချို (Post) တရားစွဲဖို့ခက်တဲ့ ကမ္ဘာ့ရာဇဝတ်သား - မောင်သာချို (Post) Reviewed by Unknown on Saturday, April 23, 2016 Rating: 5

No comments