ကျွန်တော့်ကို အမေသတ်ခဲ့တယ် - မင်းခိုက်စိုးစန် (Post)

ကျွန်တော့်ကို အမေသတ်ခဲ့တယ်
ရေးသူ - မင်းခိုက်စိုးစန်





(၁)

အပြင်မှာ မိုးတွေရွာနေတယ်။

ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်တော့ ဗြိတိသျှကိုလိုနီခေတ်လက်ရာ ခေါင်မိုးနီနီနဲ့ စာသင်ကျောင်းကြီးတစ်ကျောင်းကို လှမ်းမြင်ရတယ်။ အုတ်ကွက်တွေ ဖော်ထားပြီး အမိုးချွန်ချွန်နှစ်ခု အပြိုင်ထိုးထောင်တက်နေတဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းကိုလည်း မြင်နေရတယ်။

အရာရာတိုင်းဟာ မိုးရေစက်တွေကြားမှာ မှုန်ဝါးဝါးပါပဲ။
မိုးရေစက်မှုန်မှုန်လေးတွေက ပြတင်းပေါက်မှာ တပ်ထားတဲ့တရုတ်ကပ်မှန်ချပ်လေးတွေကြားထဲက လွင့်ဝဲပြီး ကျွန်တော့စာရေးစားပွဲပေါ်က ရေးလက်စစာရွက်တွေပေါ် လာကျတယ်။

ကျွန်တော်နေရာမရွှေ့မိဘူး။ ဒီအတိုင်း ထိုင်နေဖြစ်တုန်းပဲ။ ပုံသဏ္ဍာန်မပျက်သေနေတဲ့ ကြောင်တစ်ကောင်လို့ ကိုယ့်ကိုယ်ကိုယ် ခံစားနေရတယ်။ တစ်ယောက်ယောက်က ကျွန်တော့ကို မြေကျင်းထဲ မြှုပ်ပစ်လိုက်သင့်နေပြီ။

မိုးကတော့ ရွာနေတုန်းပဲ။
ကျွန်တော့ရှေ့တည့်တည့်မှာ ထိုင်နေတဲ့ ချာတိတ်မလေးကလည်း မလှုပ်မယှက် ထိုင်နေတုန်းပဲ။ စကားလည်း တစ်ခွန်းမှ မပြောဘူး။ ပြောနေစရာလည်း လိုမှမလိုတော့ပဲလေ။ အားလုံး ပြီးဆုံးသွားပြီပဲ။

သူမ ဆက်ပြီးထိုင်နေတာကလည်း ဘာလုပ်ရမယ်မှန်းမသိလို့ ထိုင်လက်စနဲ့ နေနေတာလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် ကျွန်တော့လိုပဲသူမကိုယ်သူမ ကြောင်အသေကောင်လို ခံစားနေရတာလည်း ဖြစ်ချင်ဖြစ်မယ်။

ကျွန်တော်ဘယ်သိနိုင်ပါ့မလဲ။
ချစ်သူအချင်းချင်း တစ်ယောက်ရင်ထဲမှာ ဘာရှိသလဲတစ်ယောက်က သိတယ်ဆိုတာ အလကား။ မသိဘူး။

တကယ်ဆိုရင် အခု ကျွန်တော့စားပွဲပေါ်ကို တဖွဲဖွဲကျနေတဲ့ မိုးစက်ပွင့်တွေဟာ 'မသိဘူး မိုးစက်' တွေပဲ။ မုတ်သုံလေထဲမှာ ယိမ်းနွဲ့နေတဲ့ သစ်ရွက်စိမ်းစိမ်းတွေဟာလည်း 'မသိဘူး သစ်ရွက်' တွေပဲ။ အခန်းနံရံအောက်ခြေအစပ်မှာ ပုရွက်ဆိတ်ကလေးတွေ ချီသွားကြတဲံ ထမင်းလုံးလေးတွေဟာလည်း 'မသိဘူး ထမင်းလုံး' တွေပါပဲ။ တိတ်တဆိတ်ငိုရှိုက်နေတဲ့ ကျွန်တော့ချစ်သူရဲ့ ပါးပြင်ပေါ်က မျက်ရည်စမခြောက်တခြောက်တွေဟာလည်း 'မသိဘူး မျက်ရည်စက်' တွေပါပဲ။

ဘာဖြစ်လို့ မသိခြင်းတွေဟာ မြောင်းရေလို လျှံနေရတာလဲ။
တကယ်ဆို အားလုံးသိပြီးသားတွေပဲမဟုတ်လား။ တစ်ချိန်ချိန်မှာ ဒီလိုနေ့ရက်မျိုး ရောက်လာမယ်ဆိုတာ ကျွန်တော်တို့နှစ်ယောက်စလုံး အသေအချာသိထားခဲ့ပါတယ်။

သူမက
"ဦး... သမီးနဲ့ဦး လက်ထပ်ကြရအောင်နော်"
လို့ပြောတော့ ကျွန်တော်ခေါင်းခါပြလိုက်တယ်။ ကျွန်တော် သူ့ကို လက်ထပ်မှာမဟုတ်ဘူးဆိုတာ ဟိုးအစကတည်းက သူမ သိထားခဲ့ပြီးသားပဲ။

ဒါ စိတ်မချမ်းသာစရာကိစ္စတစ်ခုပါ။ (လက်ထပ်ဖို့ငြင်းဆိုရတာကိုပြောပါတယ်)
ဒီလို နာကျင်စရာတွေဖြစ်လာမှာစိုးလို့ကို ကျွန်တော် သူမကို ဝေးဝေးမှာ ရွှေ့ထားကြည့်ဖို့ ကြိုးစားခဲ့သေးတယ်။ သူမက လက်မခံဘူး။ အသက်ချင်း (၁၅) နှစ်တောင် ကွာတာကို အကြောင်းပြုပြီး တူမလေးတစ်ယောက်လို ကလေးငယ်တစ်ယောက်လို သဘောထားဖို့လည်း စိတ်ကို ဖြားယောင်းကြည့်သေးတယ်။ ဒါလည်း အချိန်ကာလတစ်ခုအထိပဲ ခံတယ်။

နောက်ဆုံး ကျွန်တော်ဟာ ဘယ်မိန်းကလေးတစ်ဦးကိုမှ လက်ထပ်မှာမဟုတ်တဲ့အကြောင်း အမျာသူငါလို ပုံမှန်ဖြစ်မှာမဟုတ်တဲ့ ဘ၀တစ်မျိုးနဲ့ နေထိုင်သွားမယ့်လူဆိုတာ နားလည်အောင် ရှင်းပြယူရတယ်။

အဲဒီလိုလုပ်တော့လည်း နားလည်သွားသလိုလို၊ စည်းခြားသွားသလိုလိုနဲ့ နောက်ဆုံး ဒုံရင်း ဒုံရင်းပါပဲ။
တစ်ရက် လသာလမ်းမှာ နံရိုးပေါင်းဆီချက်နဲ့ ကော်ရည်ခေါက်ဆွဲသွားစားကြတော့ ပလက်ဖောင်းအတိုင်း  လမ်းလျောက်ပြန်လာနေတုန်း သူမက ဘာစိတ်ကူးပေါက်သွားသလဲမသိဘူး။ ချစ်
ဗြုန်းဆို ... ကျွန်တော့လက်မောင်းကို ဆွဲဖက်ချိတ်လိုက်ပြီး လမ်းလျောက်ရင်း ဟီးလေးခို လိုက်လာတယ်။ တခစ်ခစ်ရယ်လို့...။
ဒီလိုနဲက သူမနဲ့ကျွန်တော် ချစ်သူတွေဖြစ်သွားကြတယ်။

ချစ်သူဖြစ်လို့ သုံးလေးနှစ်လောက်ကြာတော့ သူ့မိဘတွေက မေးရော။ မလိမ်မညာတတ်တဲ့ သူမကလည်း အမှန်အတိုင်း ပြောပြလိုက်တယ်ပေါ့လေ။ ဒါနဲ့ ကျွန်တော့်ကို ခေါ်တွေ့တယ်။

သူ့မိဘတွေက ရိုးရိုးအေးအေး လူကြီးလူကောင်းတွေပါ။ ပိုက်ဆံချမ်းသာပေမယ့် ခပ်အေးအေးပဲ။ သူတို့ရဲ့သမီးနဲ့ ကျွန်တော် အသက် (၁၅) နှစ်တောင် ကွာဟနေတဲ့ကိစ္စကိုလည်း ဘာမှ မဝေဖန်ဘူး။

"ဘယ်တော့လောက် လက်ထပ်ကြမယ်လို့ မှန်းထားကြလဲ"
တဲ့။ အဲဒီတစ်ခွန်းပဲ မေးတယ်။ အဲဒီတစ်ခွန်းဟာ ပြဿနာပဲ။ ထင်တဲ့အတိုင်းပဲ နောက်ခြောက်လလောက်ကြာတော့ သူမဆီက "လက်ထပ်ကြရအောင်" ဆိုတဲ့ စကားသံ ထွက်လာတယ်။ ကျွန်တော် ခေါင်းခါရတာပေါ့။ (သူမက ကျွန်တော်တို့ ချစ်သူဖြစ်သွားကြပြီးရင် လက်ထပ်ချင်တဲ့ဆန္ဒဘက်ဆီကို ကျွန်တော့်စိတ်တွေ ပြောင်းလဲတိမ်းညွှတ်သွားလိမ့်မယ် လို့တွက်ထားပုံပေါ်ပါတယ်)

သူမက
"ကျွန်မမှာ ဘာအပြစ်၊ ဘာချို့ယွင်းချက် ရှိလို့လဲ"
လို့ မေးတယ်။ ဘာအပြစ်မှမရှိဘူး။ ဘာချို့ယွင်းချက်မှလည်း မရှိဘူး။ ခက်နေတာက ကျွန်တော့်မှာ စိတ္တဇရောဂါ ရှိနေတယ်။

မိသားစုမလိုချင်တဲ့ရောဂါ၊
သားသမီးမရှိချင်တဲ့ရောဂါ၊
အဖေတစ်ယောက် မဖြစ်ချင်တဲ့ရောဂါ... ပါ။
ကျွန်တော် ဘယ်လိုရှင်းပြရမလဲ။ ကျွန်တော့်ဦးနှောက်တွေ ဒိန်ချဉ်လို စေးကပ်ကပ်ဖြစ်နေကြတယ်။ အသိစိတ်ကို သကြားရည် ကျဲကျဲနဲ့ ဖျော်သောက်လိုက်ရင် ကောင်းမလားပဲ။

စိတ္တဇရောဂါဆိုတာ "မှန်တယ်၊ မှားတယ်" တွေ၊ "ဖြစ်သင့်တယ်၊ မဖြစ်သင့်ဘူး" တွေနဲ့ ချင့်ချိန်အကဲဖြတ်လို့မရတဲ့ သူ့ဘာသာသူ အရှိတရားတစ်ခုပဲ။
ကျွန်တော့်ဘ၀ထဲမှာ အဲဒါဟာ အမှန်တကယ်ရှိခဲ့တယ်။



(၂)
ကျွန်တော့်အဖေက တရားရေးဝန်ထမ်းတစ်ယောက်ပါ။ ကျွန်တော့်အသက် ၇နှစ်သားအရွယ်မှာ အဖေကဒုတိယမြို့နယ်တရားသူကြီးရာထူးနဲ့ မော်လူးကို ပြောင်းရတယ်။ လစာနည်း ဝန်ထမ်းဖြစ်တဲ့အပြင် ပြောင်းရရွှေ့ရတဲ့စားရိတ်က အမေပိုက်ဆံစုတဲ့ သံဖြူစုဘူးလေးကို ပဲ့ရွဲ့တွန့်လိမ်သွားစေတာပေါ့။ ကျွန်တော်က ဒုတိယတန်းနှစ်ဝက်ဖြေနေလို့ ကျောင်းနှုတ်ရ၊ ကျောင်းအပ်ရ ကသီလင်တဖြစ်မှာစိုးတာနဲ့ အမေနဲ့ ကျွန်တော်နှစ်ယောက်သား ရန်ကုန်မှာကျန်ခဲ့တယ်။ ကျွန်တော်က ဒုတိယတန်းနှစ်ကုန်လို့ သားအမိနှစ်ယောက် လိုက်သွားမယ်ပြင်နေတုန်းမှာပဲ ဟိုမှာအဖေဆုံးတယ်။ ငှက်ဖျားနဲ့ပေါ့။ အမေဟာ သူ့ အသက်၂၅နှစ်အရွယ်မှာပင် အကြီးမားဆုံးဒဏ်ရာတစ်ခု ရလိုက်တာပါပဲ။ ခနော်နီခနော်နဲ့ဖြစ်သွားတဲ့ သားအမိနှစ်ယောက်ရဲ့စားဝတ်နေရေးက တော်တော်နဲ့ပြန်ပြီးတည့်မတ်မလာခဲ့ပါဘူး။ ဆင်ခြေဖုံးရပ်ကွက်က အိမ်ဆိုင်လေးမှာ အမေကမီးသွေးရောင်းပါတယ်။ ညနေကျောင်းဆင်းလို့ ကျွန်တော်အိမ်ပြန်လာတဲ့အချိန်ဆို အမေ့ကို မီးသွေးမှုန်တွေနဲ့ ပေလူးမည်းသည်းနေတာ မြင်ရတာ ရင်ထဲမှာ ခါးသီးဆို့နင့်စရာပေါ့။ ကျွန်တော် ခဏခဏ ကျိတ်ပြီး ငိုခဲ့ရတယ်။ သား..စာကိုကြိုးစားနော်၊ အဆော့မမက်နဲ့၊ သားပညာတတ်ကြိးဖြစ်အောင် အမေက ပင်ပင်ပန်းပန်းဈေးရောင်းပြီး ကျောင်းထားရတာကွဲ့။ ကျွန်တော့်ကို တွန်းအားပေးတဲ့ အမေ့ရဲ့ စကားတွေပါ။ ကျွန်တော်လည်းသိပါတယ်။ အမေ ပင်ပန်းတယ်ဆိုတာ။ ကျွန်တော်အမြဲတမ်းစာကျက်ပါတယ်။ ဆော့လည်းမဆော့ပါဘူး။ ကျောင်းမှာမုန့်စားဆင်းချိန်ရောက်လို့ အတန်းဖော်တွေ ဝေးခနဲ အော်ပြီး ပြေးထွက်သွားတဲ့အခါ အတန်းရဲ့ထောင့်ဆုံးခုံမှာငြိမ်ငြိမ်လေး မလှုပ်မယှက် ထိုင်ပြီး ကျန်နေရစ်ခဲ့တဲ့သူဟာ ကျွန်တော်ပါပဲ။ မဆော့ဘဲ ငြိမ်ငြိမ်သက်သက်နေလွန်းလို့ ဆရာမတွေက ဇော်ဇော်က လိမ္မာလိုက်တာ တော်တော်အေးတဲ့ကလေးပဲ လို့ကျွန်တော့်ကို ချီးကျူးကြတယ် တကယ်တော့ အေးတာမဟုတ်ပါဘူး။ ကျွန်တော်စိတ်ရောဂါရနေတာပဲဆိုတာ အခုလိုအချိန်ကြမှသဘောပေါက်တော့တယ်။ ပြေးလွှားဆော့ကစားနေရမယ့်အရွယ်မှာ ကလေးတစ်ယောက်ဟာ အများနည်းတူ ကစားကွင်းထဲမှာ ပျော်ရွှင်နေရမှာပါ။ ဒါပေမယ့် ကျွန်တော်မပျော်ရွှင်ရဲခဲ့ဘူး။ ငါပျော်ရွှင်နေရင် အမေ့အပေါ် မတရားရာကျတော့မယ် ဆိုတဲ့ အတွေးဆိုးဆိုးကြီးက ကျွန်တော့်ဦးခေါင်းထဲမှာ တစ်ချိန်လုံး ရှိနေတယ်
အမြဲတမ်းလိုလို ကျွန်​​တော့်​ကို အ​မေ​ပြောတတ်​တာ​တွေက ​“တွေ့လား အ​မေအခုလိုပင်​ပင်​ပန်းပန်း လုပ်​​နေရတာဟာ သားအတွက်
ပိုက်ဆံရှာရတာ ခဲယဉ်းတယ်ကွဲ့။ သားကိုကျောင်းထားလို့ရအောင် အမေ့မှာ မနည်းဖျစ်ညှစ်ရုန်းကန်နေရတာ။ အမေ့မှာ အဝတ်အစားကောင်းကောင်းလည်းဝယ်မဝတ်နိုင် အစားကောင်းကောင်းလည်း လျှာပေါ်မတင်ရ ရှာလို့ရသမျှ သားကျောင်းစရိတ်ချည်းပဲ အမေကဖြစ်သလိုစားရရင်တော်ပါပြီသားရယ် သားပဲအရေးကြိးပါတယ် စာကိုကြိုးစားနော် သား” အဲ့ဒီအမေ့စကားတွေက ကျွန်တော့်ကို ခြိမ်းခြောက်နေတယ် အမေက စာကြိုးစားဖို့ တွန်းအားပေးတာ ဖြစ်ပေမယ့် ကျွန်တော့်အတွက်တော့ ဖိအားတွေပဲ ကျွန်တော် ကျောင်းတက်နေတာကြောင့် အမေဒုက္ခတွင်းထဲက မတက်နိုင်ခဲ့တာလား ကျွန်တော့်ကြောင့်ကုန်ကျခဲ့တဲ့ ကုန်ကျစားရိတ်ငွေကြေးတွေဟာ အမေ့ဘဝတစ်ခုလုံးကို ဝါးမျိုစုပ်ယူပစ်လိုက်ပြီလား အိမ်နီးနားချင်းတွေရယ် ကျွန်တော်တို့သားအမိအကြောင်းသိနေတဲ့ ကျောင်းကဆရာမတချို့ရယ်ကလည်း မကြာခဏ ပြောကြတယ် “ဇော်ဇော့်အမေကတော့တကယ့်ကို စံပါပဲ။ သားကို ပထွေးနဲ့နေရမှာစိုးလို့ နောက်အိမ်ထောင်ထပ်မပြုတော့ဘူး။ သူ့ဘဝတစ်ခုလုံးကို သားအတွက်ပေးဆပ်ထားရှာတာ.. ကျွတ်..ကျွတ် အေး..မိဘမေတ္တာဆိုတာ.. ဒါပဲ..နားလည်လား..ဖိုးဇော် ” “သြော်..အမေကတော့ချစ်လိုက်ရတာ..ဇော်ဇော်တို့အသက်ကြီးရင်တော့ ဘယ်လိုလာမလဲမသိဘူး။ အမေကိုပြန်ပြီးမသိတတ်လို့ကတော့ အိုကြီးအိုမကျမှ ရင်ကျိုးရမှာ မြင်ယောင်သေးတယ်” ချစ်ခြင်းမေတ္တာတရားဆိုတဲ့ ဓားထက်ထက်နဲ့ ကျွန်တော့်လည်ပင်းကို တတိတိလှီးကြတယ်။ မိဘကျေးဇူးဆိုတဲ့ ကြိုးကွင်းကိုလည်း ကျွန်တော့်လည်ပင်းမှာ စွပ်ထားသေးတယ်။ အမေနောက်အိမ်ထောင်မပြုတာ ကျွန်တော့်ကြောင့်ပေါ့နော်။ အမေ့ဘဝရဲ့ ပျော်ရွှင်မှုတွေအားလုံး ခြောက်သွေ့သွားအောင် ကျွန်တော်လုပ်မိပြီပေါ့နော်။ ကျွန်တော်ဟာ အမေ့ကို တော်တော် ဒုက္ခပေးခဲ့တဲ့ ကိုယ်တွင်းနာတစ်ခုပါလား။ အမေသာပျော်ရွှင်အဆင်ပြေမယ်ဆိုရင် နောက်အိမ်ထောင်ပြုလိုက်ရောပေါ့ အမေရယ်။ အဲဒါဆို အမေ့အတွက် ကိုယ်ပိုင်ဘဝ မပျောက်ဆုံးတော့သလို ကျွန်တော်လည်းတရားခံတစ်ယောက်လို အမြဲတမ်းစိတ်မလုံမခြုံနေနေရမှာ မဟုတ်တော့ဘူးပေါ့။ ကျွန်တော့်လို ၁၂နှစ်သားကောင်လေးတစ်ယောက်အဖို့ ကိုယ့်ဟာကိုယ် လူဖြစ်နေရတဲ့ အပြစ်ဒဏ် ဘယ်လိုဆေးကြောရမှန်းမသိဘူး ဖြစ်နေခဲ့ပါတယ်။ အဲ့ဒီ ၁၉၈၀ ပြည့်လွန် နှစ်ကာလတွေဟာ စိုထိုင်းထိုင်းမှောင်ပိန်းပိန်းနဲ့။ အမေ ဘာလို့ နောက်အိမ်ထောင်မပြုခဲ့တာလဲ။ ပထွေးနဲ့ ကျွန်တော် မတည့်မှာစိုးလို့လား။ ဒါမှမဟုတ် ရုပ်ရှင်တွေ ဝတ္ထုတွေထဲကလို ကျွန်တော်က အိမ်ကထွက်ပြေးပြီး အဝေးရောက် လေလွင့်သွားမှာ စိုးလို့လား။ (ကျွန်တော်တို့ငယ်ငယ်တုန်းက ခပ်ကြောင်ကြောင်ရုပ်ရှင်ဝတ္ထုတွေထဲမှာ အဲဒီလိုဇာတ်ကွက်မျိုးတွေ ခဏ ခဏ ပါတတ်တယ်။ အဖေ ဒါမှမဟုတ် အမေ က နောက်အိမ်ထောင်ပြုပြီဆိုတာနဲ့ သားသမီးလုပ်တဲ့ ဇာတ်လိုက်က အိမ်ကထွက်ပြေးတော့တာပဲ။ ပရိတ်သတ်တွေ သနားအောင်မျက်ရည်ချူတာပေါ့လေ။

ကျွန်​​တော်​က​တော့ ​လေးတန်း ငါးတန်းရုပ်​ရှင်​စကြည့်​တတ်​ကတည်းက ကိုယ်​ဘာသာပိုက်​ဆံမရှာနိုင်​​သေးဘဲ အိမ်​ကထွက်​​ပြေးတာဟာ ဥာဏ်​မရှိတဲ့ငတုံး​တွေ​​လောက်​ပဲလုပ်​တဲ့ကိစ္စလို့ နားလည်​​နေတယ်​။) အ​မေ​နောက်​အိမ်​​ထောင်​မပြုတာ ကျွန်​​တော့်​အတွက်​​ပေးဆပ်​တာဆို​ပေမယ့်​လို့ အဲ့ဒီ​ပေးဆပ်​မှုဆီက​နေ ကျွန်​​တော်​ဘာမှမရလိုက်​ပါဘူးအ​မေ။ အ​မေမ​ပျော်​ရွှင်​ရသလို ကျွန်​​တော်​လည်း စိတ်​ညစ်​ရတာပါပဲ။ အ​မေ့ရဲ့ စွန့်​လွှတ်​​ပေးဆပ်​မှုက ကျွန်​​တော့်​အ​ပေါ်မှာ အ​ကြွေးလို တင်​​နေခဲ့ပြီ​လေ။ ​လောကကြီးကို စတင်​စူးစမ်းရင်း ​ပျော်​ရွှင်​စွာ ရယ်​​မောခုန်​​ပေါက်​​နေရမယ့်​အရွယ်​မှာ ကျွန်​​တော်​ မရယ်​​မောတတ်​ခဲ့ဘူး။ အများသူငါနဲ့အတူ ​ရော​နှော မကစားတတ်​ခဲ့ဘူး။ ​ဘောလုံးမကန်​တတ်​ခဲ့ဘူး။ ဂျင်​မ​ပေါက်​တတ်​ခဲ့ဘူး။ စွန်​မလွှတ်​တတ်​ခဲ့ဘူး။ ​ကျောင်း​ပြေးပြီး ​ရေသွားမကူးတတ်​ခဲ့ဖူးဘူး။ ကုန်​ကုန်​ပြောမယ်​ .. ကျွန်​​တော်​ က​လေး မဖြစ်​ခဲ့ဖူးဘူး။ ​ခြေ​တွေ လက်​​တွေ အ​ကောင်းပကတိနဲ့ စိတ်​ဒုက္ခိတဖြစ်​​နေတဲ့ ခုနှစ်​တန်း​ကျောင်းသား​လေးတစ်​​ယောက်​ဟာ ကျွန်​​တော်​ဖြစ်​ပါတယ်​။

(၃)
တစ်ချိန်လုံး စာကျက်နေလို့လား မသိဘူး။
အတန်းထဲမှာ လပတ်စာမေးပွဲ ဖြေတဲ့အခါ အဆင့် (၁)၊ (၂)၊ (၃) တွေထဲက တစ်ခုမဟုတ် တစ်ခုတော့ ရလေ့ရှိပါတယ်။
အဆင့် (၁)ရတဲ့လတွေမှာ ဘာမှပြဿနာမရှိပေမယ့် အဆင့် (၂) တို့၊ (၃) တို့ ဖြစ်သွားပြီဆိုရင်တော့ ဒါဟာ ကျွန်တော့်အနေနဲ့ အပြစ်အကြီးကြီးတစ်ခုကို ကျူးလွန်လိုက်ပြီဆိုတဲ့ အဓိပ္ပာယ်ပါပဲ။

"အမေကတော့ စားရမယ့်ထမင်းလုပ်တောင် မျိုမကျဘဲ ခြိုးခြံချွေတာပြီး ကျောင်းထားပေးနေရတာ၊နင်ကကျတော့ စာကို စိတ်မ၀င်စားချင်ဘူးပေါ့လေ... ဟုတ်လား၊ တစ်နေ့ တစ်နေ့ 'ကျွန်'လို  အလုပ်လုပ်ပြီး နင့်ကို ရှာကျွေးနေရတဲ့ အမေကို နင် နည်းနည်းမှ မသနားတော့ဘူးလား... ဟဲ့"

ဖြစ်နိုင်ရင် ကျွန်တော့်ကို ကြိမ်လုံးနဲ့ ရိုက်လိုက်တာကိုမှ ခံပစ်လိုက်ချင်သေးတယ်။ အဲဒီလို စကားလုံးတွေနဲ့ ခုတ်ထစ်ခံရရင် ကျွန်တော် ဘယ်လို ငုံ့လျှိုးရှောင်တိမ်းရမှန်းကို မသိတော့ဘူး။
ကျွန်တော်ဟာ အပြစ်တွေ ကျူးလွန်နေတဲ့ကောင်ပါ။ ကျွန်တော်ဟာ အမေ့အပေါ် အသနားအကြင်နာမရှိတဲ့ ငမိုက်သားပါ။ ကျွန်တော်ဟာ မိဘမေတ္တာနဲ့ မထိုက်တန်တဲ့ကောင်ပါ။ ကျွန်တော်ဟာ တာဝန်မကျေတဲ့ကောင်ပါ။ အမေ့မျှော်လင့်ချက်တွေကို နေ့တိုင်း နင်းခြေနေတဲ့ကောင်ပါ။

အဲဒီတော့ ကျွန်တော် ဘာလုပ်သလဲ... သိလား။
ညသန်းခေါင်ကျော် လူခြေတိတ်ချိန်မှာ မီးသွေးခြင်းတွေ ထားတဲ့ ဆိုင်ခန်းထဲကို တစ်ယောက်တည်း ဆင်းလာတယ်။ ပြီးတော့ ကျိုးကြေနေတဲ့ မီးသွေးမှုန့်တွေနဲ့ ကျွန်တော့်မျက်နှာတစ်ခုလုံးကို ပွတ်ပစ်လိုက်တယ်။ လက်တွေ ခြေထောက်တွေကိုလည်း ပွတ်ပစ်တယ်။ တစ်ကိုယ်လုံးကို လျောက်ပွတ်ပစ်လိုက်တယ်။
မည်းတူးပေပွသွားတဲ့အထိပဲ။
ဒါ ... ကျွန်တော့်ကိုယ်ကျွန်တော် ဒဏ်ခတ်တာလေ။ ကျွန်တော် ဒါလောက်ပဲတတ်နိုင်တယ်ဗျာ။
အမေ့ရဲ့မျှော်လင့်ချက်တွေအားလုံးကို ပြီးပြည့်စုံအောင် ဖြည့်ဆည်းပေးနိုင်စွမ်းမရှိတဲ့ ကလေးလေးတစ်ယောက်ကို ခင်ဗျားတို့ခွင့်လွှတ်ကြပါ။

အမေကပြောတယ် ... သူဟာ 'ကျွန်လို အလုပ်လုပ်နေရတယ်' တဲ့။ (နာကျင်စရာ စကားလုံးပါ)
အဲဒီ 'ကျွန်' ဆိုတဲ့ စကားလုံးကို အမေ့ရဲ့မိခင် (အဘွား) က ခဏခဏပြောလွန်းတာ  ကျွန်တော် ကြားဖူးပါတယ်။

ကျွန်တော့်အဘွားကို Joy Killer လို့ ခေါ်ရမယ် ထင်ပါရဲ့။ 'ပျော်ရွှင်မှုကို ဆိတ်သုဉ်းခန်းခြောက်အောင်လုပ်ချင်တဲ့ စိတ်ရောဂါရှိသူ' တစ်ယောက်ပေါ့။ သူကိုယ်တိုင်လည်း အသက် (၈၀) ကျော်တဲ့အထိ ပျော်ပျော်ရွှင်ရွှင် မနေတတ်ခဲ့ဘူး။ သူတစ်ပါး ပျော်ရွှင်နေတာ မြင်ရတွေ့ရရင်လည်း မကြည်ဖြူဘူး။ တစ်နည်းမဟုတ် တစ်နည်း စိတ်အနှောင့်အယှက်ပေးတယ်။

တနင်္ဂနွေလို နေ့ရက်မျိုးမှာမှ အားလပ်တဲ့ရုံးဝန်ထမ်းဦးလေးတွေ၊ ကြီးဒေါ်တွေ အိမ်လာလည်ရင်လည်း တီဗီကလာတဲ့ မြန်မာကားအစီအစဉ်ကို ကြည့်မိကြတဲ့အခါမျိုး၊ ရယ်ရယ်မောမောပြောဆိုနေကြတဲ့ အခါမျိုးဆို အဘွားက ကြမ်းပြင်ကို ဒုန်းဒုန်းမြည်အောင် ခြေဆောင့်နင်းပြီး လျှောက်ရတာနဲ့၊ မီးဖိုချောင်ထဲက အိုးတွေခွက်တွေကို ဗြောင်းခနဲ၊ ဗြုန်းခနဲမြည်သွားအောင် နေရာရွှေ့ရတာနဲ့။

အဲဒါဆို အိမ်ရှေ့ခန်းမှာ တီဗီကြည့်နေတဲ့ သူ့သားသမီးတွေအကုန်လုံး အသံတိတ်ရော... ပဲ။ သူများကြည့်နေတာ မကြိုက်သလို သူကိုယ်တိုင်လည်း မကြည့်ဘူး။ ဘာဖြစ်လို့ဆိုတဲ့အကြောင်းပြချက်လည်း မည်မည်ရရမရှိဘူး။ အဓိကက သူများတွေ ပျော်နေတာကို သူ မလိုလားတာ။

ကျွန်တော့်အဘွားဟာ သူကွယ်လွန်တဲ့အထိ ရုပ်ရှင်တွေ၊ တီဗီတွေ မကြည့်ဘူး၊ ရေဒီယိုမဖွင့်ဘူး၊ စာတစ်လုံးမှ မဖတ်ဘူး၊ သီချင်းနားမထောင်ဘူး၊ (၈၅) နှစ်တာသက်တမ်းမှာ သူ ဘယ်လိုရှင်သန်နေထိုင်ဖြတ်သန်းခဲ့တယ်ဆိုတာ အံ့သြစရာပဲ။
တကယ့်ကို စိတ္တဇပါ။

ကျွန်တော်မှတ်မိနေသေးတယ်။ ကျွန်တော် ကိုးတန်းတက်တဲ့နှစ်မှာ အဘွားက အသက် (၈၀) ပြည့်တာ။ ကြီးဒေါ်ကြီး (ကျွန်တော်အမရဲ့အမ) က သူ့အမေကို အရမ်းချစ်တာဆိုတော့ ဒီလိုပြောရှာတယ်။
"အမေ.. သမီးတို့နဲ့ တစ်သက်လုံးအတူနေရရင် ကောင်းမှာပဲ။ အမေ အသက်ရှည်ရှည်နေရပါစေလို့ဘူရားမှာ ဆုတောင်းပါတယ် ... အမေရယ်"

ကြီးဒေါ်ကြီးရဲ့ စကားက ရိုးစင်းလှတဲ့ သံယောဇဉ်စကားပါ။ အေးမြတယ်၊ မွှေးပျံ့တယ်။ အဲဒါကို သူ့အမေ (ကျွန်တော့်အဘွား) က ဘယ်လိုပြန်ပြောသလဲဆိုတော့ ...
"သြ.. နင်က ငါ့ကို တစ်သက်လုံး ခိုင်းစားချင်တယ်ပေါ့လေ။ နင်တို့မသေမချင်း ငါက ကျွန်မကြီးတစ်ယောက်လို လုပ်ကျွေးရမယ်ပေါ့၊ ဟုတ်လား"
ပုံမှန်တုံ့ပြန်မှုမျိုး မဟုတ်ဘဲ တစ်ဖက်လူရဲ့စိတ်ကို နာကျင်ထိရှအောင် လုပ်တဲ့အရသာကို ကျွန်တော့်အဘွားက နှစ်ခြိုက်ပုံပေါ်ပါတယ်။

အဘွားရဲ့ အဲဒီစိတ္တဇအစွဲဟာ ကျွန်တော့်အမေဆီမှာ ပါမလာပါစေနဲ့လို့ ကျွန်တော် အသံမထွက်ဘဲ ဆုတောင်းခဲ့ရတဲ့ ညတွေ အများကြီးပါပဲ။

အဲဒီကြားထဲက အမေ့ပါးစပ်က သူ့ကိုယ်သူ "ကျွန်" လို့ ပြောနေတဲ့စကားသံ ကြားရတဲ့အခါ အိမ်မက်ထဲမှာတောင် ကျွန်တော် ကယောင်ကတမ်း လန့်နိုးတတ်ပါတယ်။
ကျွန်တော်ဟာ ကလေးတစ်ယောက်ပါ... အမေ။
ကျွန်တော့်စိတ်ကို ဘာလို့ ဖယောင်းရည်ပူ အစက်တွေ ချရတဲာ။ အမေက ကျွန်တော့်ကိ ချစ်လွန်းလို့ဆိုပြီး အမေ့ကိုယ်အမေ နှိပ်စက်ပြတယ်။
အဲဒါ ကျွန်တော့်ကို နှိပ်စက်တာနဲ့ တူတူပါပဲ။


(၄)

ဆယ်တန်းအောင်စာရင်းထွက်တဲ့နေ့ကတော့ ကျွန်တော့်အမေရဲ့ မျှော်လင့်ချက်တွေ အားလုံး တစ်စစီ ကွဲကြေပြန့်ကဲသွားတဲ့နေ့ပါပဲ ။

ကျွန်တော် ဆေးတက္ကသိုလ်တက်ဖို့ အမှတ်မမှီခဲ့ဘူး ။ ( ဂုဏ်ထူး ၄ ခုပဲပါတာဆိုတော့ အမှတ်ကို ခန့်မှန်းတွက်ဆလို့ ရသွားပြီ )
အမေ ငိုပါတယ် ။ တော်တော်နာနာကျင်ကျင်ငိုပါတယ် ။ အကြာကြီးပဲ ။ ပြီးတော့ ငါက နင့်ကို ဆရာဝန်ဖြစ်စေချင်လွန်းလို့ တစ်သက်လုံးကုန်းရုန်းပြီး ပိုက်ဆံရှာခဲ့တာ ။ ငါ မစားရက်မသုံးရက် စုဆောင်းပြီး နင့်ကို ကျောင်းထားပေးခဲ့တာ , အခုတော့ နင်က ငါ့ကို ကောင်းကောင်းကြီး ကျေးဇူးဆပ်လိုက်ပြီပေါ့ ... ဟုတ်လား "
ကျွန်တော်သိလိုက်ပြီ ။ အမေ့သားအစစ်က ကျွန်တော့်မှ မဟုတ်ဘဲ ။ အမေ့အာရုံထဲမှာ စိတ်ကူးနဲ့ဖန်တီးထားတဲ့ ဒေါက်တာဇော်ဇော် ( ဒါမှမဟုတ် ) ဆေးကျောင်းသား ဇော်ဇော်ပဲ ။

အမေရယ် ... ကျွန်တော်အစစ်ကြီးက ဒီမှာပါဗျာ ။ ကျွန်တော့်မှာမရှိတဲ့ အရည်အချင်းတွေ , ကျွန်တော်ဖန်တီးယူလို့မရတဲ့ဂုဏ်ထူးအဆင့်တွေအတွက် ကျွန်တော့်ကို အပြစ်မတင်ပါနဲ့လားဗျာ ။
အဲဒီအစား .... ကျွန်တော့်မှာ တကယ်ရှိနေတဲ့ အရည်အချင်းကောင်းလေးတွေကို မေမေ နည်းနည်းလောက် အသိအမှတ်ပြုပေးပါလားဟင် ။ ကျွန်တော် ဆေးလိပ်လည်း မသောက်တက်ဘူး , အရက်လည်း မသောက်ဘူး , ကျောင်းလည်းး မပြေးဘူး , ရည်းစားလည်း မထားဘူး , ရန်လည်း မဖြစ်ဘူး , ညဉ့်နက်သန်းခေါင်လည်း လျှောက်မလည်ဘူး ။
အဲဒါတွေကို မေမေ အသိအမှတ်မပြုဘူးလားဟင် ။ ကျွန်တော်ဟာ မွေးရကျိုးမနပ်တဲ့ သားမိုက်ပဲလားဟင် ။
ကျွန်တော့်ကို ဆရာဝန်ဖြစ်စေချင်တာ ကျွန်တော့်ဘဝရှေ့ရေး ဖြောင့်ဖြူးဖို့အတွက်ပါလို့ မေမေ ပြောကောင်းပြောချင်ပါလိမ့်မယ် ... ကျွန်တော် သိပါတယ် ။



ဒါပေမယ့် .... မေမေရယ်
လူတစ်ယောက်ဘဝမှာ အောင်အောင်မြင်မြင်ရပ်တည်ဖို့ဆိုရင် တကယ်လိုအပ်တာက စိတ်ဓာတ်ခိုင်မာအောင် လေ့ကျင့်ပေးရမှာလေ ။ လောကဓံကို ပျော်ပျော်ရွှင်ရွှင် ရင်ဆိုင်နေပျော်အောင် သင်ပေးရမှာလေ ။
ဆရာဝန်ဖြစ်ရေး ဆုဖလားပွဲမှာ ပြိုင်မြင်းတစ်ကောင်လို ကြိမ်နဲ့ရိုက်ပြီး ဝင်ပြေးခိုင်းရတာမျိုး မဟုတ်ဘူး ။
အမေက ကျွန်တော့်ကို ကြိုးစားအောင် တွန်းအားတွေ နေ့တိုင်းပေးတယ် ။ ကျွန်တော် နေ့တိုင်းမပျော်ဘူး ။ ခြေလက်အင်္ဂါ မရှိ / ဆုံးရှူံးတဲ့လူတွေ လောကကြီးကို ပျော်ပျော်ရွှင်ရွှင် ရင်ဆိုင်ပျော်ရွှင်နေချိန်မှာ ကျွန်တော်ကတော့ လပတ်စာမေးပွဲမှာ အဆင့် ( ၂ ) ဖြစ်ရတာကို ကမ္ဘာပျက်သလောက် ဖြစ်နေတယ် ။
မိဘကျေးဇူးကြီးမားပုံတွေ ပြောတာ ကြားရလွန်းအားကြီးတော့ ကျွန်တော့်ကိုယ်ကျွန်တော် တာဝန်မကျေတဲ့ သားဆိုးသားမိုက်တစ်ယောက်လို ခံစားလာရတယ် ။


အမေ့ရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို ထပ်တလဲလဲ ညဉ်းတွားသံ ကြားရဖန်များလာတော့ ကျွန်တော့်ကိုယ်ကျွန်တော် မုန်းတီးစက်ဆုပ်လာတယ် ။ ကျွန်တော့်ရဲ့ အသက်ရှင်မှုကိုလည်း ရွံလာတယ် ။ ငါ ဘာလို့ ရှင်သန်နေရတာလဲ ။
ကျွန်တော်က ဇွတ်အတင်း အခွင့်အရေးယူပြီး မေမေ့ဆီမှာ ကျွန်တော် လူလာဖြစ်ပါရစေ , ကျွန်တော့်ကို မွေးပေးပါ လို့ တောင်းဆိုခဲ့တာမှ မဟုတ်ဘဲ ။ အဖေ သေသွားလို့ အမေတစ်ယောက်တည်း ရုန်းကန်ရတာဟာလည်း ကျွန်တော့် ပယောဂကြောင့်မှ မဟုတ်ဘဲ ။
မေမေရယ် ........ ။

ကျွန်တော်တို့ဟာ မတော်တဆ ဆုံစည်းကြရတဲ့သူတွေပါလေ ။ မေမေ့မေတ္တာတရားဟာ နက်ရှိုင်းလွန်းလှပါတယ် ။
ဒါပေမယ့် အဲဒါကို အကြောင်းပြုပြီး စကားလုံးတွေနဲ့ ကျွန်တော့်စိတ်ကို နာကျင်ထိရှအောင်လုပ်တာ များလွန်းသွားပြီ ထင်တယ် ... မေမေရယ် ။

ဆယ်တန်းအောင်စာရင်းတွေ ထွက်တဲ့ အဲဒီနေ့က ..

ကျွန်တော့်ကိုယ်ကျွန်တော် သေကြောင်းကြံစည်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ... ကံကောင်းစွာ၊ ဒါမှမဟုတ် ကံဆိုးစွာနဲ့ပဲ မအောင်မြင်ခဲ့ပါဘူး။


(၅)

ကျွန်တော့်ဘဝရဲ့ ပထမဆုံးချစ်သူကို စက်မှုတက္ကသိုလ် စတုတ္ထနှစ်မှာ ဆုံစည်းခဲ့ရတာ ဖြစ်ပါတယ် ။
တက္ကသိုလ်ကျောင်းသားတစ်ယောက် ရည်းစားထားတာဟာ တကယ့်ကို သမရိုးကျကိစ္စတစ်ခုပါ ။ ဒါပေမယ့် ကျွန်တော့်အတွက်ကျတော့ အဲဒီလို မဟုတ်ခဲ့ဘူး ။ နေ့စဉ်နဲ့အမျှ မတော်တဆ ပေါက်ကွဲမသွားအောင် ဗုံးတစ်လုံးကို လျှျှိ့ဝှက်ထိန်းသိမ်းနေသလို ခံစားရတယ် ။
ကျွန်တော့်မှာ ချစ်သူရှိနေပြီဆိုတဲ့အကြောင်း ဖုံးဖိထားချင်တယ် ။ ဘယ်မှမသိအောင် အမှောင်ချထားချင်တယ် ။ အမေ သိသွားရင် ပြသနာတက်လိမ့်မယ်ဆိုတာ ကျွန်တော် အလိုလိုသိပြီး စိုးရိမ်နေတယ် ။

စိုးရိမ်စိတ်ဆိုတာ ကျွန်တော်နဲ့ နေသားတကျ ဖြစ်နေပါပြီ ။ ဘာကိုမဆို အကြောင်းမရှိဘဲ ကျွန်တော် စိုးရိမ်နေလေ့ရှိတာ ကြာပါပြီ ။
အဲဒါ .... ထင်ထင်ရှားရှား တောက်ပလင်းလက်လာတဲ့ ကျွန်တော့်ကိုယ်ခန္ဓာထဲက စိတ္တဇပါပဲ ။
နောက်ဆုံး .... ကျွန်တော့်ချစ်သူကတောင် ကျွန်တော်မူပျက်နေတာကို ကြည့်ပြီး ရိပ်မိလာလို့ မောင် ... ဘာဖြစ်နေတာလဲ , ဘာလို့ ဒီလောက်တောင် ပုန်းလျှိုးကွယ်လျှိုး လုပ်နေရတာလဲ " လို့ ဗြောင်ဖွင့်မေးယူရတဲ့အထိပါ ။

နောက်တော့ ကျွန်တော် စိုးရိမ်တဲ့အတိုင်းပါပဲ ။ အဲဒီစာသင်နှစ် မကုန်ခင်မှာ ကျွန်တော့်အိမ်ကလူတွေက ကျွန်တော့်မှာ ချစ်သူရှိနေမှန်း သိသွားကြပါတယ် ။
အဲဒီတရားစီရင်ခန်းမြင်ကွင်းကို ခုထိ ကျွန်တော် ကောင်းကောင်းကြီး မှတ်မိနေတုန်းပဲ ရှိပါသေးတယ် ။ အမေက ဘာစကားမှမပြောဘဲ တရှုံ့ရှုံ့နဲ့ အကြာကြီးငိုနေတယ် ။ ဦးလေးတွေ၊ ကြီးဒေါ်တွေကတော့ .... 


"မင်းအမေက နောက်အိမ်ထောင်မပြုဘဲ မင်းကို ပြုစုကျွေးမွေး ကျောင်းထားပေးခဲ့တာ , မင်းက အခုတော့ ပညာတောင်မစုံခင် ရည်းစားထားရတာနဲ့ ... ဘာနဲ့ .... "

ဟော ... လာပြန်ပြီ ။ ကျွန်တော့်အမေ နောက်အိမ်ထောင်မပြုတဲ့ကိစ္စ ။ ဒါဟာ သူတို့အတွက် သေချာပေါက် နိုင်ဖဲ တစ်ချပ် ဖြစ်ခဲ့တယ် ။ ကျွန်တော့်အတွက် သေချာပေါက် ကျေးဇူးအကြွေး ' ဖြစ်ခဲ့တယ် ။
ဖြစ်ခဲ့တယ် ။
ကျွန်တော့်အမေ ဖြစ်ခဲ့တာတွေဟာ .... ကျွန်တော့်အတွက် ဖြစ်ခဲ့တယ် ။ နောက်တစ်နေ့မှာပဲ ချစ်သူကို ကျွန်တော် လမ်းခွဲခဲ့ပါတော့တယ် ။


"ကျွန်မမှာ ဘာချို့ယွင်းချက်ရှိလို့လဲ" တဲ့ ။
တစ်ဖက်သတ် လမ်းခွဲခံရတဲ့ ချစ်သူက မကျေမနပ်နဲ့ ကျွန်တော့်ကို မေးတယ် ။
မင်းမှာ ဘာချို့ယွင်းချက်မှ မရှိပါဘူး ။ ငါ့မှာတော့ စိတ်ရောဂါရှိတယ် ။ ငါ ဘယ်တော့မှ အိမ်ထောင်မပြုတော့ဘူး ။ ငါ ဘယ်တော့မှ သားသမီးတစ်ယောက်ရဲ့ အဖေ မလုပ်တော့ဘူး။


တစ်စုံတစ်ယောက်ကို သူ့အလိုဆန္ဒမပါဘဲ လူ့လောကထဲ ခေါ်ဆောင်လာပြီးတော့မှ "မင်းကို ငါချစ်တယ်၊  ဒါကြောင့် မင်း ငါ့အလိုဆန္ဒအတိုင်းနေပေးရမယ် လို့လည်း အကျပ်မကိုင်ချင်ဘူး။ "ငါက မင်းအဖေ၊ မင်းကို ပြုစုပျိုးထောင်ခဲ့ရတယ်၊ ဒါကြောင့် မင်းအပေါ်မှာ ငါ့ကျေးဇူးရှိတယ်" လို့လည်း အကြမ်းမဖက်ချင်ဘူး။


ကျွန်တော့်ဘဝမှာ ရင်ဆိုင်ဖြတ်သန်းရမယ့် ခါးသီးမှုတွေဟာ ကျွန်တော့်ဝေစုပါ။ ဒါကို ကလေးအပေါ် ပုံချပြီး သားကြောင့် ဖေဖေ ဒါတွေ နာကျင်ခဲ့ရတယ်၊ သားကြောင့် ဖေဖေ ဒါတွေ စွန့်လွှတ်ခဲ့ရတယ် လို့ သားသမီးကို စိတ်အနာတရဖြစ်အောင် မလုပ်ချင်ဘူး။ အားလုံးဟာ တစ်ယောက်ကိုတစ်ယောက် ဒဏ်ရာတွေပေးနေကြတာ ။
အားးးး .... ရှူပ်တယ် ။

ဥမကွဲ သိုက်မပျက်ဖြစ်အောင် တစ်ယောက်လက်ကိုတစ်ယောက် အပြန်အလှန်ကြိုးတုပ်ချည်နှောင်ထားတဲ့ မိသားစုဆိုတာကြီးကို မလိုချင်တော့ဘူး ။
ကျွန်တော့်ဦးနှောက်တွေဟာ အဲဒီကတည်းကစပြီး ဒိန်ချဉ်လို ပုံပျက်ပန်းပျက် ဖြစ်သွားခဲ့တာပါ ။ တချို့လူတွေကတော့ ဝေဖန်ကောင်းဝေဖန်ကြမယ် ။

"မင်းလိုမျိုး စဉ်းစားလို့ကတော့ ကမ္ဘာမှာ လူတွေ ဘယ်မွေးဖွားလာကြမှာလဲ။ လောကကြီး ပျက်စီးသွားမှာပေါ့" လို့။

ဟုတ်ပါတယ်။ ခင်ဗျားတို့ မှန်ပါတယ်။ ပုံပျက်ပန်းပျက်ဖြစ်နေတာက ကျွန်တော်တစ်ယောက်တည်းပါ ။
ဒါပေမယ့် ဘာတက်နိုင်မှာလဲဗျာ။ စိတ္တဇဆိုတာက ( မှန်တာတွေ မှားတာတွေနဲ့ မဆိုင်ဘဲ ) သူ့ဘာသာသူ ရှိနေတဲ့ အရှိတရားပဲလေ ။
ကျောခိုင်းလှည့်ထွက်ခါနီးမှာ ချစ်သူက တစ်ခွန်းပဲ ပြောသွားတယ် ။
"ရှင်က အရူးပဲ"


(၆)


"လတ်စသတ်တော့ ... ဦးက ယဉ်ယဉ်လေးနဲက ဂေါက်နေတာကိုး"
ကျွန်တော့်ရဲ့ ချစ်လှစွာသော ချာတိတ်မလေးက နာနာကျင်ကျင် ညည်းတွားတယ်။ အရူးတစ်ယောက်နဲ့ ချစ်သူဖြစ်ရတာ ဇာတ်သိမ်းမကောင်းဘူး။ ဒါကြောင့် ဇာတ်သိမ်းခန်းမှာ ကျွန်တော် စကားမပြောဘဲ နေလိုက်တယ်။

ဘယ်သူကမှ တယော မထိုးပေးဘူး။ နောက်ခံတေးဂီတအဖြစ် ဘယ်နာမည်ကြီးသီချင်းကိုမှ ယူမသုံးထားဘူး။ မိုးရွာနေသံတော့ ရှိတယ်။

တကယ့်လက်တွေ့ဘ၀ရဲ့ အချစ်ဇာတ်သိမ်းခန်းဟာ ခြောက်ကပ်တယ်၊ တိတ်ဆိတ်တယ်၊ ကျွန်တော်ကတော့ ငြိမ်ငြိမ်လေးပဲ ထိုင်မြဲ ထိုင်နေတုန်းပဲ။ သူမ အခန်းထဲက ပြန်ထွက်သွားလို့ တံခါးလက်ကိုင်ဖု သော့ကျတဲ့ 'ကလစ်' ခနဲ မြည်သံကို ကြားရတော့မှာ ကိုယ့်ကိုယ်ကိုယ် တစ်ယောက်တည်းပါလားဆိုတာကို သိတာ။ တစ်ယောက်တည်းဖြစ်တော့လည်း ဒီအတိုင်းပဲ။

အတော်လေးကြာတော့ မိုးတိတ်သွားတယ်။ ကျွန်တော် တိုက်ခန်းထဲက ထွက်ပြီး အောက်ကို ဆင်းခဲ့တယ်။ ရေအိုင်ကွက်ငယ်လေးတေါ တင်ကျန်နေတဲ့ လမ်းပေါ်မှာ ကျွန်တော် ငေးမောလို့ပေါ့။

ညနေက ကျွန်တော့်ကို ပြန်ငုံ့ကြည့်နေတယ် ။
လမ်းထိပ်ဆီကို ကျွန်တော် လျှောက်လာတော့ ကျောင်းဆင်းချိန်နဲ့ တိုးနေလို့ ကလေးတွေ လမ်းဖြတ်ကူးတာကို စောင့်နေရသေးတယ် ။ အဖြူအစိမ်းဝတ်စုံနဲ့ ကလေးလေးတွေဟာ ကျောင်းကြိုကားတွေရှိရာဆီကို သွားနေကြတယ် ။ မုန့်သည်တွေဆီကို သွားနေကြတယ် ။ လာစောင့်နေကြတဲ့ သူတို့ရဲ့ မိဘတွေဆီကို သွားနေကြတယ် ။

ကျွန်တော်ရပ်နေတဲ့ ဗန်ဒါပင်နားမှာ အဖေဖြစ်တဲ့သူက သူ့သားချာတိတ်လေးကို ပြောနေတယ် ။
"မင်းဘေးခုံက ဖြိုးဝေက သင်္ချာမှာ ၁၀၀ ရတယ်ဆို , မင်းက ၈၉ တဲ့ ။ မင်းကို ဖြိုးဝေ ချေး ( ချီး ) ကျွေးဖို့ကောင်းတယ်"
အဆူခံနေရတဲ့ ချာတိတ်လေးက မျက်လုံးလေး ကလယ်ကလယ်နဲ့ သူ့အဖေကို ပြန်မော့ကြည့်နေတယ် ။
"သြော် ... ကလေးရဲ့စိတ်ကို အနာတရဖြစ်အောင် လုပ်နေပြန်ပေါ့ ........" လို့ ကျွန်တော် တွေးလိုက်တယ် ။

အဲဒီလူဟာ ကိုယ့်လက်ထဲမှာ ပွင့်နေတဲ့ ပန်းကို ဘာပန်းမှန်းသိအောင် မကြိုးစားချင်ဘူး ။ အလကားလူ ။ ကိုယ့်လက်ထဲမှာ စံပယ်ပွင့်လေး မွှေးဖြူဖြူစင်နေပါလျက်နဲ့ .....
"မင်းက ဘာလို့ အရောင် မနီတာလဲ , မင်းမှာ ဘာလို့ဆူးတွေ မပါတာလဲ , မင်းကို နှင်းဆီပန်းရဲ့ ချေး ( ချီး ) ကျွေးဖို့ကောင်းတယ်" လို့ ဆူပူမာန်မဲနေတယ် ။
ကလေးအတွက်ရော , အဖေလုပ်တဲ့လူအတွက်ပါ ကျွန်တော် ရိုးရိုးသားသား ဝမ်းနည်းနေမိတယ် ။


လမ်းမပေါ်မှာ အဖြူအစိမ်းဝတ်စုံနဲ့ ကလေးလေးတွေ ထွက်လာကြပြီ ။ သူတို့ ပျော်ရွှင်ခုန်ပေါက်မနေကြဘူး ။ သူတို့ဆူညံမြူးတူးမနေကြဘူး။


သူတို့ သေဆုံးနေကြပါတယ်။


ကလေးလေးတွေဟာ အသက်မဲ့လျက်သား လမ်းလျှောက်နေကြတာပါ။


သူတို့ရဲ့ နှလုံးသားတည့်တည့်မှာ မိဘတွေရဲ့ တောင်းဆိုမှု ကျည်ဆန်ရာတွေနဲ့ ...။


မင်းခိုက်စိုးစန်

ဇွန် ၂၁၊ ၂၀၁၄


credit author: #မင်းခိုက်စိုးစန်

မြန်မာအင်တာနက်စာကြည့်တိုက်မှ ရိုက်ကူးတင်ဆက်ပါသည်
#မြန်မာအင်တာနက်စာကြည့်တိုက်
ကျွန်တော့်ကို အမေသတ်ခဲ့တယ် - မင်းခိုက်စိုးစန် (Post) ကျွန်တော့်ကို အမေသတ်ခဲ့တယ် - မင်းခိုက်စိုးစန် (Post) Reviewed by Unknown on Saturday, April 23, 2016 Rating: 5

No comments