ဆရာဝန်တစ်ယောက်၏မှတ်စုများ လရောင်ကို ကြောက်သူ - ဂျူး (Post)

ဆရာဝန်တစ်ယောက်၏မှတ်စုများ လရောင်ကို ကြောက်သူ
ဂျူး






ကျွန်မက လရောင်သည် အလွန်စိတ်ကြည်နူးနှစ်သက်စရာ ကောင်းသည်ဟု ထင်သည်။ ည၏ အရိပ်အရောင်များသည် လရောင်အောက်မှာမှ ပိုမိုပီပြင်ထင်ရှားသည်ဟုထင်သည်။ နောက်ပြီး လရောင်မှာ လန်းဆန်းစေသော မွှေးရနဲ့တစ်မျိုး ပါဝင်နေသည်ဟုပင် ထင်၏။ လ၏ ဆွဲငင်အားကိုလည်း ကျွန်မသိထား၊ လက်ခံထားသည်။ လရောင်၏စွမ်းအား အလွန်ကြီးမားလှသည်ဟု ကျွန်မထင်၏။ သို့သော် ထိုမျှအေးချမ်းဆိတ်ငြိမ်သော လရောင်ကိုမှ မုန်းတီးကြောက်ရွံ့သူတစ်ဦးကိုလည်း ကျွန်မသိခဲ့ဖူးပါသည်။ အဖြစ်အပျက်သည် ထူးဆန်းအံ့ဩစရာဟုထင်ရသော်လည်း တကယ်တော့ အလွန်ရိုးစင်းသော ဖြစ်ရိုးဖြစ်စဉ်တစ်ခုသာဖြစ်သည်။ ကာလကတော့ တော်တော်လေးကြာမြင့်ခဲ့ပါပြီ။ ကျွန်မ အလုပ်သင်ဆရာဝန်ဘဝမှာ မန္တလေး ပြည်သူ့ဆေးရုံကြီး၏ဌာနခွဲတစ်ခုဖြစ်သော မန္တလေးစိတ်ရောဂါအထူးကုဆေးရုံသို့ သုံးပတ်ကြာမျှ တာဝန်ထမ်းဆောင်ရန် သွားခဲ့ရဖူးသည်။ ဖျားနာဆောင် ( နြိငခွေျှူမေိ) များတွင် တာဝန်ကျသော အလုပ်သင်ဆရာဝန်တိုင်း ကြုံတွေ့ဖြတ်ကျော်ရသည့် တာဝန်များသာဖြစ်ပြီး ကျွန်မတို့၏ အလုပ်တာဝန်များကလည်း သိပ်ထူးထူးဆန်းဆန်းကြီးမဟုတ်ပါ။

နံနက် ( ၈ ) နာရီ မှာ စိတ်ရောဂါကု ဆေးရုံသို့သွား၊ လူနာများကို ကိုယ်ရေးရာဇဝင် မေးမြန်း၊ လူနာဆောင်များသို့ ဆရာနှင့် အတူလိုက်၍ကြည့်ရှုလေ့လာရင်း ဆရာစာသင်သည်ကို နားထောင် ရေးမှတ်။ နေ့လည် ၁၂နာရီမှာ အဆောင်ပြန်၍ နေ့လည်စာကိုစား၊ နေ့လည် ၂ နာရီမှာ ဆေးရုံပြန်ဝင်၊ လူနာသစ်များကို ကိုယ်ရေး ရာဇဝင်မေးမြန်း၊ လူနာမှတ်တမ်းများကို ဆရာထံပို့၍ ရောဂါ ရာဇဝင်နှင့် ကုသမှုများကို ဆရာနှင့် ဆွေးနွေးမေးမြန်း။ ဤအဖြစ်အပျက်များသည် နေ့စဉ်လိုလိုကြုံတွေ့ရသော အဖြစ်အပျက်များသာ ဖြစ်၏။ လူနာများသာ တစ်ယောက်ပြီးတစ်ယောက် ပြောင်းသွားသော်လည်း ရောဂါရာဇဝင်များက ဆင်တူရိုးမှားတွေချည်းဖြစ်သည်။ စိတ်ကစဥ့်ကလျားရောဂါ၊ စိတ်ကျရောဂါ၊ စိတ်ြွကရောဂါ၊ မိမိကိုယ်ကို သေကြောင်းကြံစည်သည့်ရောဂါ၊ ဝက်ရူးပြန်ရောဂါ တို့ဖြစ်သည်။ မိမိကိုယ်ကို သေကြောင်းကြံစည်သူများ ကိစ္စမှာတော့ ရဲ့နှင့် သက်ဆိုင်သောအမှု () ဖြစ်သဖြင့် ကျွန်မတို့ အလုပ်သင်ဆရာဝန်များ မှတ်ချက်ရေးပြီးတိုင်း ဆရာ့ထံသို့ လွှဲပြောင်းပေးအပ်ရလေ့ ရှိသည်။ ဆရာက ထပ်မံ စစ်ဆေးမေးမြန်းပြီးမှ
စိတ်ရောဂါရှိမရှိအတည်ပြုသတ်မှတ်ပေးလေ့ရှိသည်။


ကျွန်မကြုံတွေ့ရသော ကျွန်မ မမေ့နိုင်သည့် လရောင်ကြောက်သူတစ်ဦးမှာ မိမိကိုယ်မိမိ သေကြောင်းကြံစည်မှုဖြင့် ကျွန်မတို့ ဆေးရုံသို့ စိတ်အခြေအနေ စစ်ဆေးခံရန် ဖျားနာဆောင်တစ်ခုမှ လွှတ်လိုက်သော လူနာတစ်ဦးဖြစ်သည်။ လူနာသည် အမျိုးသမီးတစ်ဦးဖြစ်သည်။ ထူးဆန်းသည်မှာ ပိုးသတ်ဆေးသောက်၍ မိမိကိုယ်ကို သေကြောင်းကြံစည်သူ တော်တော်များများနှင့် မတူဘဲ အမှန်ကို ဝန်ခံရဲသော သတ္တိရှိသူဖြစ်နေ၏။ ရေနံဆီ၊ ပိုးသတ်ဆေး စသည်တို့ကို သောက်ပြီး ဆေးရုံသို့ရောက်လာသော လူနာ အတော်များများသည် မှားသောက်မိလို့ပါ ဟူသော ဆင်ခြေကို ပေးတတ်ကြ၏။ ဤအမျိုးသမီးကတော့ တည်ငြိမ်သောမျက်ဝန်းများဖြင့် “သေချင်လို့ သောက်တာပါ” ဟုဖြေခဲ့သည်။ “ဘာဖြစ်လို့ သေချင်တာလဲ” ဟု ကျွန်မကထပ်မေးတော့ အမျိုးသမီးမျက်နှာ အနည်းငယ်တင်းသွားပါသည်။ ထိုစဉ်က ကျွန်မ၏ အသက်မှာ ၂၄နှစ်သာရှိသေး၏။ အမျိုးသမီးကတော့ အသက် ၃၅နှစ် ရှိနေပြီ။ ကျွန်မက သိပ်ငယ်ရွယ်နေလို့များ သူမက မလေးမစားဆက်ဆံနေတာလားဟု ထင်ရအောင်ကလည်း သူမ၏ ဟန်ပန်က ရိုကျိုးမှုအပြည့်ဖြစ်၏။ ပထမတော့ လူနာချင်းလွှဲပြောင်းရလျှင် ကောင်းမလားဟု တစ်ဖက်ခန်းရှိ သူငယ်ချင်း အမျိုးသားဆရာဝန်ထံ လှမ်းအကဲခတ်မိသေး၏။ သို့သော် သူက ယောကျာ်းလူနာတစ်ဦးကို မေးမြန်းနေသည်။ တမင်မျှမျှတတဖြစ်အောင် လူနာကို ခွဲဝေပေးထားခြင်းပဲဟု ကျွန်မနားလည်သွားက ရင့်ကျက်သော ဟန်အမူအရာဖြစ်အောင်အားတင်းထိန်းချုပ်၍ဆက်လက်မေးမြန်းရပါသည်။
“ဟုတ်ပါတယ်၊ ဒါကိုတော့ကျွန်မနားလည်ပါတယ် အစ်မရယ် ... ဒါပေမယ့် လူတော်တော်များများက မသေချင်ဘူး၊ သေရမှာကြောက်လို့ နည်းမျိုးစုံနဲ့ ကာကွယ်တားမြစ်နေတယ်၊ အစ်မကတော့ တခြားသူတွေနဲ့ မတူဘူး၊ ဒီတော့ တခြားသူတွေရဲ့ ခံစားချက်နဲ့မတူတဲ့ သီးသန့်ခံစားချက်တစ်ခုခုရှိနေသလားဆိုတာ ကျွန်မသိချင်လို့ပါ၊ ကျွန်မကို ယုံယုံကြည်ကြည်ဖွင့်ပြောပါ”

သူမက မတုန်မလှုပ်။ ချော့မော့ဖျောင်းဖျ မေးမြန်း၍ မရသောအခါ ကျွန်မအနည်းငယ် စိတ်တိုသွား၏။ ကျွန်မနောက်ထပ်ကြည့်ရမည့်လူနာတွေကရှိသေးသည်။
“အစ်မဆေးရုံးကဆင်းတဲ့အခါ ကိုယ့်ကိုကိုယ်သေကြောင်းကြံမှုနဲ့ ထောင်ကျရဦးမယ်ဆိုတာ အစ်မမသိသေးဘူးထင်တယ်”
အမျိုးသမီးမျက်နှာမှာ တုန်လှုပ်မှုကို သိသိသာသာတွေ့ရ၏။ ကျွန်မတိတ်တိတ်ကလေး ကျိတ်ပြုံးလိုက်မိပါသည်။
“အစ်မ ထောင်ကျတာ မကျတာဟာ ကျွန်မတို့ ဆေးရုံက မှတ်ချက်အပေါ်မှာ လုံးဝမူတည်နေတယ်” သူမမျက်လုံးမှာ ကျွန်မကို အားကိုလိုဟန် အနည်းအကျဉ်း တွေ့ရ၏။ “လူနာတွေ ဒုက္ခရောက်အောင်ကျွန်မတို့ ဘယ်တော့မှ မလုပ်ပါဘူး၊ ပျော်ပျော်ရွှင်ရွှင် အိမ်ပြန်သွားကြတာကို ကျွန်မတို့ မြင်ချင်တယ်၊ ပျော်ပျော်ရွှင်ရွှင်နဲ့ အိမ်ပြန်သွားကြတာကို ကျွန်မတို့ မြင်ချင်တယ်၊ အဲဒီအတွက်ပဲ အစ်မတို့ကို စိတ်အခြေအနေ စစ်ဆေးပေးနေရတာပါ၊ အမှန်အတိုင်းဖွင့်ပြောပါ၊ ကျွန်မတို့က လူနာရဲ့ လျှို့ဝှက်ချက်တွေကိုကိုယ်သေတဲ့အထိသိမ်းသွားမယ့်ဆရာဝန်တွေပါ”
သူမသည် အခန်းပတ်ဝန်းကျင်ကို မသင်္ကာသည့် မျက်လုံးများဖြင့် အကဲခတ်လိုက်ပြီးနောက် “ဒီနားမှာ ကျွန်မယောကျာ်း ရှိနေသလား” ဟုမေး၏။ “မရှိဘူး၊ ဒီအခန်းရဲ့ အပြင်ဘက်မှာ ဆရာမကြီးတစ်ယောက်လာစောင့်ပေးနေတယ်၊ လိုအပ်လို့ မခေါ်မချင်း လူနာရဲ့ အဖေလည်းမဝင်ရဘူး၊ အမေလည်းမဝင်ရဘူး၊ အစ်မယောကျာ်းလည်း မဝင်ရပါဘူး” ထို့နောက် အမျိုးသမီးက သူ၏ အဖြစ်အပျက်ကို ကျွန်မအား အားလုံးဖွင့်ပြောပြပါသည်။ “ကျွန်မယောကျာ်းနဲ့ ကျွန်မနဲ့က တစ်မြို့တည်းသားတွေမဟုတ်ဘူး၊ သူက ကျွန်မတို့မြို့နဲ့ မိုင်၁၀ဝ လောက်ဝေးတဲ့ မြို့ကြီးတစ်မြို့ကပါ၊ မြို့ကြီးသားစရိုက်အပြည့်ရှိတယ်၊ ၀တ်ပုံစားပုံသေသပ်ကျနတယ်၊ မျက်နှာထားကလည်း ဣနြေ္ဒရရ၊ စကားပြောသိမ်မွေ့တယ်၊ ကြင်နာတတ်တယ်၊ ကျွန်မတို့ အိမ်နဲ့နှစ်အိမ်ကျော်လောက်က ဆီစက်တစ်ခုမှာ မန်နေဂျာပေါ့၊ ပညာတတ်ဘွဲ့ရ တစ်ယောက်ပဲ၊ ကျွန်မတို့အိမ်ကတော့ အလတ်စား
ဂျုံစက်ရုံကလေးပဲဆိုပါတော့လေ၊ အိမ်မှာတော့ မန်နေဂျာရယ်လို့မရှိပါဘူး၊ အဖေနဲ့ကျွန်မနဲ့ ဂျုံစက်ကို တစ်လှည့်စီစောင့်ကြပ် အုပ်ချုပ်ကြတာပဲ၊ ကျွန်မက ဆယ်တန်းအောင်ရုံပဲ၊ ဒါပေမယ့် အဖေက စာရင်းအင်းပညာ ကျွန်မကို သင်ပေးထားလို့ ကျွန်မကောင်းကောင်း စာရင်းကိုင်တတ်ပါတယ်၊ ကျွန်မနဲ့ သူနဲ့ မျက်မှန်တန်းမိသွားကတည်းက တစ်ယောက်ကို တစ်ယောက် ချစ်ခင်သွားကြတယ်လို့ပြောရမလား မသိဘူး၊ ကျွန်မကတော့ တကယ့်ကို သူ့ကို မြတ်မြတ်နိုးနိုးစုံမက် ခဲ့တာပါ။” .... ကျွန်မတို့ မြို့က ခပ်သေးသေးဆိုတော့ အဖြစ်အပျက် တစ်ခုဆိုရင် တစ်ရပ်ကွက်လုံး တစ်မြို့လုံး ပျံ့နှံ့သိသွား တတ်ကြတယ်၊ ကျွန်မနဲ့ သူနဲ့ ဘာလိုလိုဖြစ်နေတာကို အဖေတို့သိသွားတာပေါ့၊ အဖေက ကျွန်မကို သတိပေးသလိုလိုနဲ့ တားမြစ်တယ်၊ တစ်မြို့တည်းသားချင်းမဟုတ်လို့ သူ့အကြောင်းကို ကျွန်မတို့ အမှန်အတိုင်း သိဖို့ ခဲယဉ်းတယ်ပေါ့လေ၊ သူမြို့မှာ သူဟာ မယားကြီးတွေ ဘာတွေ ရှိနေနိုင်တယ်၊ ဘာပြဿနာတွေရှိခဲ့မယ်ဆိုတာ ကျွန်မ မသိနိုင်ဘူး ... တဲ့ ၊ အဖေက တစ်မြို့တည်းသား အတွင်းသိ၊ အစင်းသိ လူငယ်တစ်ယောက်ယောက်ကိုပဲ လက်ထပ်စေချင်တယ်၊ ကျွန်မကတော့ သူကို ယုံတယ်၊ သူ့မှာ ဘာအရှုပ်အထွေးမှ မရှိနိုင်ဘူး၊ သူဟာ ရိုးသားသိမ်မွေ့တယ် ဆိုတာ အလိုလိုသိနေပါတယ်။
“ ..... ဒီလိုနဲ့ တစ်နေ့မှာတော့
အင်းလေ ... တစ်ညမှာပေါ့၊ ကျွန်မတို့နှစ်ယောက် တော်တော်ရင်းနှီးတဲ့ အခြေအနေကို ရောက်သွားရောဆိုပါတော့၊ နေဦး .... အဲဒီညအကြောင်းကို ဒေါက်တာသိမှဖြစ်မယ် ထင်တယ်၊ နောက်ပိုင်း သူဆီစက်မှာပဲ ညအိပ်လေ့ရှိတယ်လေ၊ ကျွန်မနဲ့နီးနီးနေချင်လို့တဲ့၊ ညတွေမှာ ရပ်ကွက်ထဲက လူတစ်ချို့နဲ့ သူလမ်းလျှောက်ပြီး ဂစ်တာတီးတတ်တယ်၊ အိုး ... ဂစ်တာတီးလဲ တော်တော်ကို ကောင်းတဲ့လူပဲ၊ သူ့ဂစ်တာသံကြားရင် ကျွန်မအခန်းပြတင်းကိုဖွင့်ပြီး နားထောင်နေမိတတ်တယ်၊ လသာဆောင်ဘက်တော့ မထွက်ရဲပါဘူး၊ ကျွန်မကို သူတို့မြင်သွားမှာပေါ့၊ အဲဒီညကတော့ လကလဲအရမ်းကိုသာနေတယ်၊ လပြည့်ခါနီးည တစ်ညပဲ၊ ကျွန်မတို့အိမ်ကခြံဝိုင်းအကျယ်ကြီး ဒေါက်တာရဲ့၊ ခြံဝိုင်းထောင့်အိမ်နဲ့ တော်တော်ဝေးတဲ့ နေရာမှာ မြတ်လေးပန်းရုံကြီးရှိတယ်၊ အိမ်မကြီးကနေလှမ်းကြည့်ရင် မမြင်ရဘူး၊ ကြားမှာ ဂျုံစက် အဆောက်အဦးက ကွယ်နေတယ်လေ။ .....”
“.... အဲဒီညက ကျွန်မမြတ်လေးပန်းသွားခူးမိတယ်၊ ပန်းကို အိမ်ကလူတွေ သိပ်ဂရုစိုက်နိုင်တာ မဟုတ်ပါဘူး၊ ကျွန်မလဲ ခါတိုင်းတော့ မခူးမိပါဘူး၊ အဲဒီညကတော့ နောက်နေ့မနက် ဘုရားပွဲ လှည့်မှာမို့ ပန်းကုံးအကြီးကြီး ရအောင်သီမယ်ဆိုတဲ့ စိတ်နဲ့ ညနှစ်နာရီခွဲလောက်မှာ ပန်းထခူးမိတာ၊ ခြံစည်းရိုးအပြင်ဘက်မှာ သူရောက်လာပြီး ကျွန်မနဲ့ စကားခဏပြောနေသေးတာ၊ နောက်တော့ ကျွန်မတားတဲ့ကြားကနေ သူခြံထဲကို ဇွတ်ကျော်ဝင်လာတော့တာပါပဲ၊ မြတ်လေးရုံဘေးက ကုန်းမြင့်တလင်းပြင်ကလေးဟာ လရောင်နဲ့ ဆိုတော့သိပ်လှနေတာပဲ၊ အရောင်တောင် လက်နေတယ်၊ ပြာလဲ့လို့ပေါ့၊ ငှက်တွေလဲ အိပ်ချိန်၊ လူခြေလဲတိတ်ချိန် တစ်လောကလုံး တိတ်ဆိတ်ပြာလဲ့နေတာပဲ၊ ကျွန်မဘဝမှာ အဲဒီညကို ဘယ်တော့မှ မမေ့နိုင်တော့ပါဘူး၊
သူ့ကို ချစ်တဲ့စိတ်၊ သူ့ကို ကြောက်တဲ့စိတ်၊ သူ့ကိုပဲ ရှက်တဲ့စိတ်၊ အိုး .... တော်တော် အံ့ဩစရာကောင်းတဲ့ ညပါပဲ၊ နောက်တော့ ရက်ခြားဆိုသလို ကျွန်မပန်းခူးထွက်ရတော့တာပေါ့၊ ချစ်သူ့ မျက်နှာညှိုးမှာကို စိုးရိမ်ရတာလောက် လှိုက်လှဲကြေကွဲတဲ့ ခံစားချက်မျိုးရှိမှာတောင် မဟုတ်ဘူးလို့ထင်ခဲ့မိတယ်။
“.... နောက်ဆုံးတော့ ကျွန်မတို့ အကြောင်းကို အမေသိရောဆိုပါတော့၊ အမေက ကျွန်မကို ဆူလိုက်တာ၊ သူ မယူဘဲ ပစ်သွားမှာကို စိုးရိမ်နေမိတဲ့ ကျွန်မတို့ မိသားစုဟာ သူက မိသားဖသားပီပီ တောင်းရမ်းယူတော့ တော်တော်စိတ်အေးသွားရပါတယ်၊ ကျွန်မတို့ နှစ်ယောက် မင်္ဂလာပွဲကို ဘယ်မယားကြီးမှလဲ လာမဖျက်ပါဘူး၊ သူ့မှာလဲ ကျွန်မကလွဲလို့ ဘာအနှောင်အဖွဲမှ မရှိပါဘူး၊ ကျွန်မတို့ နှစ်ယောက် နေဖို့အခန်းကို သူကိုယ်တိုင် ရွေးပေးတာပါ၊ ကျွန်မတို့ အိမ်ကြီးက ပျဉ်ထောင်အိမ်အမြင့်ကြီး ဒေါက်တာရဲ့၊ အခန်းတွေအခန်းတွေမှ အများကြီးပဲ၊ တစ်ခန်းတစ်ခန်းကလည်း အကျယ်ကြီးပါပဲ၊ လသာဆောင်နဲကပ်လျက် ဘေးအစွန်ဆုံးအခန်းကို သူရွေးလိုက်တယ်၊ အဲဒီ အခန်းပြတင်းပေါက်နှစ်ခုကလဲ အမြင့်ကြီးတွေ၊ နဂိုကတော့ ပြတင်းအမိုးခုံးတစ်ခုပဲ မှန်ပါတာ၊ တံခါးရွက်တွေက သစ်သားတွေ၊ အဲဒါကို ကျွန်မယောကျာ်းက ပြင်ယူလိုက်တယ်၊ တံခါးရွက်တွေ အားလုံးမှန်တပ်လိုက်တယ်၊ လသာတဲ့ ညတွေမှာဆို လရောင်က တံခါးရွက်မှန်ချပ်တွေကိုဖြတ်ပြီး အခန်းထဲကို ဖြာကျနေတတ်တယ်၊ အခန်းနံရံ၊ စားပွဲ၊ ခုတင်၊ မွေ့ရာ အားလုံးဟာ လရောင်တစ်ဝက်တစ်ပျက်နဲ့ဆိုတော့ အပြာလဲ့လဲ့ကလေးပေါ့၊ သူက ကျွန်မကိုခဏခဏ ပြောလေ့ရှိတယ်၊ ဝေ့မျက်နှာဟာ လရောင်အောက်မှာ သိပ်လှတာပဲတဲ့၊ ဝေ့ခန္ဓာကိုယ်နွဲ့နွဲ့ကလေးကလဲ လရောင်က အလင်းတင်လိုက်တဲ့အခါ ပိုမိုပီပြင်သွားတယ်တဲ့၊ အလင်းအမှောင်ကို အချိုးညီညီရောပြီး ပြထားတဲ့ ပန်းပုရုပ်လိုပဲတဲ့ ဒေါက်တာရယ် သူပြောတတ်တဲ့ စကားလုံးလေးတွေက သိပ်နားထောင်လို့ ကောင်းတာ၊ ပညာတွေလဲ တော်တော်တတ်ပြီး စာတွေဘာတွေလဲ တော်တော်ဖတ်ခဲ့တဲ့ပုံပဲ ၊ ကျွန်မမှာတော့ သူ့ကို ချစ်တာအပြင် ကျေနပ်တာ၊ လေးစားတာ၊ ဂုဏ်ယူတာတွေ အမျိုးမျိုးစုပေါင်းပြီး သူ့တစ်ယောက်သာ တစ်ကမ္ဘာလို့ ထင်ခဲ့ပါတယ်။” “.... ကျွန်မမှာ ကံဆိုးချင်တော့ သားသမီးလုံးဝ မရခဲ့ဘူး ဒေါက်တာရယ်၊ အိမ်ထောင်သက် ငါးနှစ်အရမှာ အဖေဆုံးသွားတယ်၊ ဂျုံစက်ကို ကျွန်မယောကျာ်းပဲ ဦးစီးခဲ့တာပဲ၊ သူက စီးပွားရေးအမြင်လဲ ရှိပါတယ်၊ လုပ်ငန်းက သူ့လက်ထက်မှာ ပိုပြီးကျယ်ပြန့်လာတယ်၊ သူ့အနေအထိုင် အပြုအမူ၊ အလုပ်သမ ကောင်မလေးတွေ အပေါ်ဆက်ဆံရေး ... အားလုံးဟာ ပုံမှန်ပဲ၊ ဘာမှ ချို့ယွင်းချက်မရှိဘူး၊ ဒါပေမယ့် ကျွန်မမှာ သံသယတစ်ခု ဝင်လာခဲ့ရတယ်၊ ဘေးစကားဆိုတာကို ကျွန်မနဂိုကတည်းက ယုံခဲ့တာ မဟုတ်တော့ သတင်းကြားကြားချင်း စိတ်ဆိုးဒေါသထွက်ဖိုက သတိမရဘဲ အံဩတုန်လှုပ်သွားခဲ့တယ်၊ သူနဲ့ အလုပ်သမကလေး တစ်ယောက် တိတ်တိတ်ပုန်း ညားနေကြတယ်ဆိုတဲ့သတင်းပေါ့၊ ကျွန်မတို့ရပ်ကွက်အစွန်က ချောင်းစပ်မှာ သဲသောင်ပြင်အပြန့်ကလေးတစ်ခုရှိတယ်၊ ကြက်သွန်ခင်းတွေနဲ့ ချောင်းရေစပ်စပ်ကလေးနဲ့ ညတွေမှာ ဆည်းဆာနေရောင်အောက်မှာတော့ တော်တော်
သာယာတဲ့နေရာကလေးပါ၊ အဲဒီချောင်းစပ်ကလေးမှာ ကျွန်မယောကျာ်းနဲ့ သူ့ကောင်မလေးနဲ့ ညညမှာ
ချိန်းတွေ့ကြတယ် ဆိုတဲ့ သတင်းက ကျွန်မနားကို ရောက်လာတယ်၊ သူ့ကိုရန်တွေ့ပြီး စွပ်စွဲမေးမြန်းတော့
သူကရယ်လိုက်တာ၊ ကိုယ်ယောကျာ်းကိုယ် ဒီလောက်မှ အကဲမခတ်တတ်ဘူးလား၊ ကိုယ့်ယောကျာ်း ဒီလိုလူစားမျိုး ဟုတ်မဟုတ် ဝေအသိဆုံး ဖြစ်မှာပေါ့တဲ့၊ သူပြောတော့ ကျွန်မ သူ့ကိုတောင်အားနာသွားရတယ်၊
တကယ်လဲ သူဟာ အိမ်ကို ညကိုးနာရီအရောက်အမြဲပြန်တဲ့လူ၊ ကျွန်မထက်လဲ အရင်အိပ်ပျော်တဲ့လူ၊ မနာလိုတဲ့လူတွေက တမင်နာမည်ဖျက်တာလို့ ကျွန်မယူဆရတော့တာပေါ့လေ၊ ဒါပေမယ့် ကျွန်မသတိရှိပါတယ်၊ ကျွန်မညညတစ်ရေးနိုးရင် သူ့ကို စမ်းသပ်ကြည့်ရတယ်၊ ကျွန်မဘေးနားမှာ သူရှိနေတဲ့အခါ ကျွန်မဘာသာမလုံမလဲ ပြုံးမိပြီး ပြန်အိပ်ပျော်သွားတာပေါ့။
“ ..... ဒါပေမယ့် တစ်ညမှာတော့ သံသယက တော်တော်ခိုင်လုံသွားရတယ် ဒေါက်တာရဲ့၊ ကျွန်မတစ်ရေးနိုးလို့ သူ့ကိုစမ်းကြည့်တော့ သူ့ကိုမတွေ့ဘူး၊ အိမ်သာသွားတက်နေတာဖြစ်နေမလား ဆိုပြီး ကျွန်မခဏစောင့်နေတယ်၊ သူမလာဘူး၊ နာရီပြန်နှစ်ချက်လောက်ရှိပြီ၊ ဒါနဲ့ ကျွန်မတစ်အိမ်လုံး တစ်ခန်းဝင် တစ်ခန်းထွက် လိုက်ရှာတယ်၊ သူ့ကို မတွေ့ဘူး၊ အောက်ထပ်အခန်းတွေလိုက်ရှာ မီးတွေဖွင့်တော့ အမေနိုးသွားတယ်၊ အမေမေးတော့ ကျွန်မ အမှန်အတိုင်းပဲပြောလိုက်တယ်၊ အမေကပြန်အိပ်ခိုင်းတယ်၊ ဘယ့်နှယ်လုပ်ပြီး ကျွန်မအိပ်နိုင်ပါ့မလဲ...
မဟုတ်ဘူးလား၊ လကလဲ လပြည့်လဆိုတော့ တစ်လောကလုံး လရောင်နဲ့ လင်းနေတာ၊ ကျွန်မကြောက်စိတ်လဲ မရှိဘူး၊ ခြံဝန်းတစ်လျှောက် သူ့ကို လိုက်ရှာမိတယ်၊ ဘာဖြစ်လို့မှန်း မသိဘူး၊ သူခြံဝန်းထဲမှာ ရှိမနေနိုင်ဘူးလို့တော့ ထင်သား၊ ဒါနဲ့ ကျွန်မလမ်းဘက်ထွက်ရှာမယ်လုပ်တော့ အမေကဆွဲထားတယ်၊ ကျွန်မကခေါင်းမာတယ်လေ၊ ဒီည အကြောင်းကိုသိရမှာဖြစ်မယ်၊ အမေမလိုက်ချင်နေ ကျွန်မသွားရှာမယ် ဆိုတော့မှ အမေက ကျွန်မနဲ့လိုက်လာတယ်၊ ကျွန်မတို့လမ်းတစ်လျှောက်မှာ သက်ရှိဆိုလို့ ခွေးတစ်ကောင် ကြောင်တစ်မြီးမှ မတွေ့ရဘူး၊ ဒါပေမယ့် ကျွန်မ မကြောက်ဘူး၊ စိုးရိမ်ပူပန်စိတ်နဲ့ နာကြည်းတဲ့ ဒေါသပေါင်းစပ်ပြီး ကျွန်မတစ်ကိုယ်လုံးကို လောင်နေတာလေ၊ နောက်တော့ သိပ်မကြာခင်မှာပဲ ချောင်းစပ်ကို ကျွန်မတို့ ရောက်သွားရော၊ လရောင် ဖွေးနေတဲ့ သောင်ပြင်အစပ်ဆီကို လှမ်းကြည့်လိုက်တဲ့အခါ ကျွန်မတစ်ကိုယ်လုံး ပျော့ခွေသွားတော့တာပါပဲ၊”
“ ... လရောင်အောက်မှာ လူနှစ်ယောက်မှန်းသိသာတဲ့ အရိပ်သဏ္ဌာန်နှစ်ခု တစ်ခုနဲ့တစ်ခု ပူးကပ်နေတယ်၊
တစ်ခုက မြင့်မြင့်၊ တစ်ခုက နိမ့်နိမ့်၊ သူတို့ လှုပ်ရှားမှုတွေကို မသဲမကွဲမြင်နေရပေမယ့် ဘယ်သူတွေလဲဆိုတာ ကျွန်မ မသိဘူး၊ ဒါပေမယ့် ရှေ့လဲမတိုးရဲဘူး၊ ရှေ့တိုးလို့ တစ်ခုခုကို အတိအကျ လက်ခံသွားရမှာကိုလဲ
ကျွန်မကြောက်နေတယ်၊ တစ်ယောက်ကဝတ်ထားတဲ့ အရောင်ဟာ စိမ်းမလိုပြာမလိုလို၊ ကျွန်မယောကျာ်းကလည်း အစိမ်းနုရောင် အင်္ကျီဝတ်ထားတယ်ဆိုတာ ကျွန်မသတိရသွားတယ်၊ ကျွန်မမှာ ကြည့်ရင်းကြည့်ရင်း တစ်ကိုယ်လုံးအေးစက်ပြီး မျက်ရည်တွေ ကျလာတော့တာပဲ၊ အမေက ကျွန်မအရိပ်အကဲ
မဟန်မှန်းသိလို့ ဖက်တွဲပြီး အိမ်ပြန်ခေါ်လာတယ်။

“.... သမီး ပြန်အိပ်၊ အဲဒီကို အမေတစ်ခေါက်သွားကြည့်ပေးမယ်၊ သမီးဦးကြီးကိုနှိုး ပြီး
အမေသွားကြည့်မယ်” တဲ့။
 .... ဦးကြီးဆိုတာ တကယ်တော့ ကျွန်မတို့နဲ့ ဘာမှ မတော်ပါဘူး၊ ခြံစောင့်သဘောမျိုးပေါ့၊ ဂျုံစက်ထဲမှာ စောင့်အိပ်တဲ့ ဂိုဒေါင်စောင့်ဆိုလဲ ဟုတ်တယ်၊ တကယ်လဲ အဲဒီညက အမေနဲ့ ဦးကြီးနဲ့ သွားကြတယ်၊ အမေတို့ပြန်လာတော့ အမေ့မျက်နှာကို ကျွန်မချက်ချင်းမကြည့်ရဲဘူး၊ အမေက ပြုံးရယ်ပြီး ကျွန်မကိုနှစ်သိမ့်တယ်။
“ ..... မိဝေနှယ် အစိုးရိမ်လွန်ရန်ကော၊ အဲဒီကောင်ကလေးက ဟိုဘက်ရပ်ကွက်က မြင်းလှည်းသမားကလေးပါဟယ်၊ ငါတို့မှာ သူတို့မမြင်အောင် ပုန်းလျှိုးကွယ်လျှိုး ပြန်ပြေးခဲ့ရတယ်၊ ညည်းယောကျာ်း ခြံဝန်းတစ်နေရာရာမှာ ရှိချင်ရှိမှာပေါ့၊ ဒါမှမဟုတ် လသာသာနဲ့ လမ်းထွက်လျှောက်တာ
ဖြစ်မှာပေါ့”

“အမေ့အပြုံးက တစ်မျိုးပဲလို့ ထင်ပေမယ့် ကျွန်မယုံလိုက်ပါတယ်၊ အဲဒီညက သူပြန်မလာမချင်း
ဧည့်ခန်းထဲမှာ ထိုင်စောင့်နေခဲ့တယ်၊ သိပ်မကြာခင်မှာ သူပြန်လာရော၊ သူ့ဟန်အမူအရာက ကျွန်မယောကျာ်းနဲ့လဲ မတူဘူး၊ လေးလေးကန်ကန်နဲ့၊ ဘေးဘီကိုလည်း မကြည့်ဘူး၊ တံခါးပေါက်တည့်တည့်ကို
ဝင်လာတယ်၊ ဧည့်ခန်းမှာ မီးလင်းနေတာ ကျွန်မထိုင်နေတာ အားလုံးကို သူဂရုမစိုက်ဘူး၊ သူ့မျက်နှာကလဲ
မျက်နှာသေနဲ့၊ ကျွန်မကိုကျော်ပြီးလှေကားဆီလျှောက်သွားတော့ ကျွန်မငိုချင်လိုက်တာ၊ ဒါနဲ့ သူ့ကိုပြေးဖက်တော့မှ သူကဗြုန်းဆို လှည့်ကြည့်တယ်။
“ .... ဟင် ... ဝေ .. ဘာလုပ်နေတာလဲ” တဲ့၊ သူ့အသံက သိပ်အိပ်ချင်မူးတူးအသံ၊ ကျွန်မဒေါသထွက်လွန်းလို့ သူ့တစ်ကိုယ်လုံး ထုနှက်ရိုက်ပုတ်မိတယ်၊ သူက ဘာမှ နားမလည်တဲ့ပုံစံနဲ့
ကျွန်မကိုဆွဲဖယ်တယ်လေ။
 
”....ကာင်မလေး ဘယ်ကျန်ခဲ့လဲ” ဆိုတော့ သူက မျက်နှာမပျက်ဘူး၊ ကျွန်မကို ဘာတွေလာပြောနေပါလိမ့်ဆိုတဲ့၊ ဇဝေဇဝါအကြည့်မျိုးနဲ့ကြည့်လို့၊ ဘယ်ကကောင်မလေးလဲတဲ့၊ သူအမူအရာဟာ ဟန်ဆောင်နေတဲ့ အမူအရာ မဟုတ်ဘူး ဒေါက်တာရယ်၊ လူတစ်ယောက် အထူးသဖြင့် ကိုယ့်ယောကျာ်း ဟန်ဆောင်နေတာလာ တကယ့်မျက်နှာလား ဆိုတာ ကျွန်မသိပါတယ်၊ ဒီလောက်တော့ ကျွန်မသိပါတယ်၊ ဒါနဲ့သူ့ကို သွားနေတာလဲလို့ အသံမာမာနဲ့ပဲ မေးမိတယ်၊ သူက သူ့ဟာသူ လမ်းထလျှောက်မိတာကို အမှတ်မရဘူးနဲ့တူတယ်၊
အိမ်သာသွားတာဖြစ်လိမ့်မယ်တဲ့၊ သူေ ကာင်းကောင်းမမှတ်မိဘူးတဲ့၊ သူ တကယ်နိုးသွားတဲ့အခါ ကျွန်မက
သူ့ဘေးမှာရပ်ပြီး ငိုနေပြီတဲ့၊ ဖြစ်နိုင်ပါ့မလား ဒေါက်တာရယ်၊ လူတစ်ယောက်ဟာ အိပ်ရာက နိုးလို့လမ်းလျှောက်တာတောင် သူ့ဟာသူမသိဘူးဆိုတာဖြစ်နိုင်ပါ့မလား၊ အိပ်မက်မက်ရင်း လမ်းထလျှောက်တတ်တဲ့လူတို့ဘာတို့ ကျွန်မကြားဖူးပါတယ်၊

ညီမဝမ်းကွဲ တစ်ယောက်တောင် အဲဒီအကျင့်ရှိသေးတယ်၊ သူကတော့ အိပ်ရာပေါ်က လိမ့်ကျတတ်တယ်၊ အခန်းထဲက ထွက်သွားတတ်တယ်၊ ဒါပေမယ့် အိမ်ထောင်ပရိဘောဂ တစ်ခုခု ဒါမှမဟုတ် နံရံ တစ်ခုခုနဲ့
တိုက်မိပြီးနိုးသွားတတ်တာပါပဲ၊ ငါးမိနစ်တောင် မကြာဘူးနိုးလာတတ်တာပဲ၊ သူ့အိပ်ရာ သူပြန်ရောက်တတ်တာပဲ၊ ကျွန်မယောကျာ်းအဖြစ်က ဒါမျိုးမှမဟုတ်ဘဲ နောက်ပြီးအိမ်ထောင်သက်ဒီလောက်ကြာခဲ့ပြီပဲ၊ သူသာ
အဲဒီအကျင့်ရှိရင်ကျွန်မကအသိဆုံးလူဖြစ်မှာပေါ့။
“ .... ကျွန်မမှာလက်ခံရအခက်၊ လက်မခံရ အခက်နဲ့၊ မနက်လင်းလို့ ညက ပြဿနာကိုမေးကြည့်တော့
သူဘာမှ မမှတ်မိဘူးတဲ့၊ ဒီလိုနဲ့ ကျွန်မ ညညမှာ တစ်ရေးမနိုးမှာ ကြောက်လို့ သတိထားအိပ်လာရတာ အိပ်ရေးတွေလဲ ပျက်လို့၊ သူက အိပ်ရာဘေးမှာ ရှိတတ်ပြန်ရော၊ ကျွန်မ ခဏခဏ ထစမ်းကြည့်လွန်းလို့ သူနိုးလာရင် ကျွန်မကို ငေါက်တတ်သေးတယ်၊ ကျွန်မရဲ့ သံသယတွေက သူ့ကို တစ်နေ့တစ်ခြား စော်ကားနေတာတဲ့၊ ကျွန်မတို့ ခဏခဏ ရန်ဖြစ်ရတယ်၊ အထူးသဖြင့် သူပျောက်ပျောက်သွားတတ်တဲ့ ညတွေမှာပေါ့၊ လေးငါးဆယ်ရက်လောက် မပျောက်ဘဲရှိချင် ရှိတတ်တယ်၊ ပျောက်တဲ့ညကျပြန်တော့ ပျောက်မှန်း ကျွန်မသိလို့ လိုက်ရှာဖို့ ဟန်ပြင်ခြံထဲဆင်း တော့မယ်ဆိုရင် သူပြန်ပြန်ရောက်လာတတ်တယ်၊ နောက်ပိုင်းတွေမှာတော့ သတိထားမိတာ တစ်ခုရှိတယ်ဒေါက်တာရဲ့၊ သူကလာသာတဲ့ညတွေဆို ပျောက်ပျောက်သွားတတ်တာကိုး၊
သမန်းကျားတို့ဘာတို့ ယုံတမ်းစကားတွေလိုမျိုးဖြစ်နေမလားလို့ ကျွန်မပူပင်လွန်းလို့ အမေနဲ့ တိုင်ပင်ကြည့်တော့ အမေက အဲဒါမျိုး တကယ်မရှိပါဘူးတဲ့၊ မစိုးရိမ်ပါနဲ့တဲ့။

“...ကျွန်မမှာစက်ထဲက အလုပ်သမကလေးတွေကို အကဲခတ်ရပါများလို့ သူတို့ကရော၊ ကျွန်မယောကျာ်းကပါ မကြည်မလင်တွေဖြစ်လာတယ်၊ ဒါပေမယ့် ဘာပြဿနာမှ မပေါ်လာဘူး၊ ဥပမာ တစ်ယောက်ယောက်
ထွက်သွားတာတို့၊ ကိုယ်ဝန်ပျက်ကျတာတို့၊ ကျွန်မကလဲ ဒီလောက်ပဲ အကဲခတ်တတ်တာကိုး၊ေ နာက်တော့ စက်ရုံကအလုပ်သမကလေးတွေကို လစာကြိုထုတ်ပေးပြီး အလုပ်ဖြုတ်ပစ်လိုက်တယ်၊ သူတို့နဲ့ ကျွန်မယောကျာ်း နီးစပ်နေမှာကို ကျွန်မကြောက်တယ်လေ၊ နောက်ပြီး ခြံဝင်းတံခါးသော့ကို အခန်းနံရံမှာ မချိတ်ထားတော့ဘဲ ကျွန်မ ညတိုင်းဝှက်ထားတော့တယ်၊ ဝှက်တဲ့နေရာကလည်း တစ်နေရာနဲ့တစ်နေရာ မတူအောင် ထားရတာပေါ့၊ အဲဒီလောက်တော့ ကျွန်မလည်း ဥာဏ်သွားပါသေးတယ်။
ဒီလိုနဲ့ နောက်တစ်နှစ်လောက် သံသယဖြစ်လိုက် မဖြစ်လိုက်နဲ့ အခြေအနေမပျက် အမူအရာမပျက် ရှိခဲ့ရာက ကျွန်မမှာ ကိုယ်ဝန်ရှိလာတယ်၊ ကျွန်မတို့နှစ်ယောက်စလုံးတော်တော်ကြည်နူးခဲ့ရတယ်၊ ကိုယ်ဝန်နဲ့ပက်သက်လို့ သူကျွန်မကိုတော်တော်လေးဂရုစိုက်ခဲ့တာကိုကျွန်မဝန်ခံရမှာပဲ၊ ကျွန်မ မပင်ပန်းအောင် ကျွန်မအလုပ် တော်တော်များများကို သူကူပေးခဲ့တယ်၊ ဒါ့အပြင် ကျွန်မတို့နဲ့ ဆွေမျိုးနီးစပ် မကင်းတဲ့ တစ်ယောက်ယောက်ကို ကူဖော်လောင်ဘက် ခေါ်ဖို့ အကြံပေးတယ်၊ ကျွန်မတို့ အမျိုးတွေ အနီးအနားရွာမှာရှိတယ်လေ၊ဒါနဲ့ ကျွန်မ ကလေးမလေးတစ်ယောက်ကို ခေါ်လိုက်တယ်၊ ရုပ်ကတော့ မလှဘူး၊ ကျွန်မက ရုပ်လှတဲ့
မိန်းကလေးငယ်ငယ်တစ်ယောက်ကို ကျွန်မတို့အိမ်မှာ မထားရဲဘူးလေ၊ ဒါပေမယ့် ဒီကိစ္စမျိုးက ရုပ်လှတာမလှတာနဲ့မဆိုင်ဘူးဆိုတာနောက်မှသိရတယ်။
“ကျွန်မမှာရှိသမျှမျှော်လင့်ချက်တွေပျော်ရွှင်မှုတွေအားလုံး ပျက်စီးကုန်တဲ့ညကို ကျွန်မကောင်းကောင်းမှတ်မိနေပါတယ် ဒေါက်တာရယ်၊ အဲဒီရက်က ကျွန်မမီးမဖွားမီ ငါးရက်အလိုမှာပဲ၊ အဲဒီညက လပြည့်ည၊ ကျွန်မနိုးလာတဲ့အခါ ကျွန်မတို့ အခန်းထဲမှာ ကျွန်မယောကျာ်းမရှိဘူး၊ ကျွန်မရဲ့ ကိုယ်ဝန်ကို ဖိမိမှာစိုးလို့ ဆိုပြီး သူခွဲအိပ်တာ ကြာပြီလေ၊ နိုးလာတော့ အခန်းထဲကို တစ်ပိုင်းတစ်စ ကျနေတဲ့ လရောင်ကို သတိထားမိတယ်၊ တော်တော်ကို တောက်ပတဲ့ လရောင်ပဲ၊ လရောင်ကို မြင်လိုက်ရတဲ့အခါ ကျွန်မဗြုန်းခနဲ စိုးရိမ်သောကနဲက ပူပန်သွားတယ်၊ စိတ်ထဲမှာ ထင့်ခနဲလေးသွားတယ်၊ အဲဒီလို တစ်ခါမှ မခံစားရဖူးဘူး၊ တစ်ခုခုကို ကြိုသိနေတဲ့ ခံစားမှုမျိုးပါပဲ၊ ဘယ်လိုပြောရမှာလဲ ... အဖေ မမာနေတုန်းက အဖေသေခါနီး သုံးလေးရက်အလိုမှာ ကြိုသိနေတဲ့ ကြေကွဲမှုမျိုးနဲ့တူတယ် ဒေါက်တာ၊ ကျွန်မတော်တော်ကို စိတ်တွေ ထိုင်းမှိုင်းသွားတာပါ၊ ဒါပေမယ့် ကျွန်မအခန်းတစ်ခုချင်း လိုက်ရှာမိတယ်၊ မတွေ့နိုင်ဘူးဆိုတာလဲ သိနေပါတယ်၊ တကယ်လဲ မတွေ့ပါဘူး၊ ကောင်မလေးအခန်းကြည့်တော့လဲ ကောင်မလေးကို မတွေ့ရဘူး၊ ဒါနဲ့ပဲ ကျွန်မခြံထဲကို ဆင်းလာခဲ့တော့တယ်၊
အမေနိုးသွားမှာ စိုးလို့တံခါးဖွင့်တာ ပိတ်တာ ခြေလှမ်းလှမ်းတာ အားလုံး သာသာလေးပဲ လုပ်ခဲ့တယ်၊ ထူးဆန်းတာ အဲဒီအချိန်မှာ ဒေါသမရှိဘူး၊ မမြင်အပ်တဲ့ အရာတစ်ခုကို မြင်ရမှာ စိုးရိမ်နေတဲ့ ခံစားမှုပဲရှိတယ်။ 
“ ... ဂျုံစက်ကို ကွေ့ပတ်ပြီး ခြံထောင့်ဘက်ကို လျှောက်သွားလိုက်တဲ့ အခါမှာတော့ ကာလတော်တော်ကြာအောင် ရှိခဲ့တဲ့ သံသယတစ်ခုဟာ တကယ်ဖြစ်နေတာ တွေ့လိုက်ရတော့တာပါပဲ၊ မြတ်လေးပန်းရုံမှာ ပန်းတွေမှ ဖွေးဖွေးလှုပ်နေတာပဲ၊ ပန်းရုံဘေးက ကုန်းမြင့်ကလေးမှာတော့ ယောကျာ်းတစ်ယောက်နဲ့ မိန်းမတစ်ယောက်၊ ဘယ်သူတွေလဲဆိုတာ ကျွန်မချက်ချင်းသိလိုက်တယ်၊ အရင်တစ်ခါတုန်းက သောင်စပ်မှာလို အကွာအဝေမျိုးမှမဟုတ်ဘဲ ဒေါက်တာရဲ့၊ သိပ်ကိုနီးတဲ့ အကွာအဝေးလေးပဲ၊ သူတို့ ခန္ဓာကိုယ်ပေါ်မှာ ဖြာကျနေတဲ့ လရောင်ကြောင့် အားလုံးကို ထင်ထင်ရှားရှားကြီးမြင်ရပါတယ်၊ ထူးဆန်းလိုက်တာ ကျွန်မမှာ ဒေါသမရှိဘူး၊ သူတို့လှုပ်ရှားမှုတွေကို အနီးကပ် ရုပ်ရှင်ပြကွက်လိုပဲ ငေးမောကြည့်ပြီး ရပ်ကြည့်နေမိတယ်၊ ကျွန်မယောကျာ်းရဲက ကိုယ်ခန္ဓာကို အဲဒီတစ်ခါလောက် ဘယ်တုန်းကမှ ထင်ထင်ရှားရှား ကွဲကွဲပြားပြား မမြင်ဖူးပါဘူး၊ နောက်ပြီး သူ့မျက်နှာ၊ ကျွန်မ တစ်ခါမှ ဂရုစိုက်မကြည့်ဘူးတဲ့ အဲဒီမျက်နှာထားကို ကျွန်မရွံ့မုန်းလိုက်တာ၊ သူတို့ ကျွန်မကို မမြင်ဘူး၊ ကျွန်မကတော့ သူတို့ကိုသာမက သူတို့အနီးအနားမှာ မှောက်ကျနေတဲ့ ပန်းခူးတဲ့ ပလတ်စတစ်ဆန်ခါ အနီရောင်လေးကိုတောင်မြင်ရပါတယ်၊ ကောင်မလေးပုခုံးအောက်မှာ ပိပြားနေတဲ့ ပန်းပွင့်အစုကလေးကိုတောင် မြင်ရပါသေးတယ်၊ ကျွန်မရင်ထဲမှာ ရောဂါတစ်ခု ကင်းစင်သွားသလို ဟာခနဲ ပေါ့ပါးသွားတယ်၊ တစ်ချိန်တည်းမှာပဲ အလွန်ရွံရှာစရာကောင်းတဲ့လောက်ကောင်တွေကိုမြင်ရသလို၊ ခွေးအန်တာ
ကြောင်အန်တာကိုစောင့်ကြည့်နေရသလို သန်ကောင်တွေ ရွစိရွစိဖြစ်နေတာကိုမြင်ရသလို အော်ဂလီဆန်လာတယ်၊ ဒါနဲ့ပဲ အိမ်ဘက်ကို ပြန်လှည့်ခဲ့မိတော့တယ်၊
“ ... အဲဒီညက စပြီး ကျွန်မယောကျာ်းကို ကျွန်မစကားမပြောတော့ဘူး၊ ဘယ်သူ့ကိုမှ စကားမပြောတော့ဘူး၊ ဒါပေမယ့် အခန်းပြတင်းပေါက်တွေကိုတော့ တူနဲ့ထုပြီး ရိုက်ခွဲပစ်လိုက်တယ်၊ မှန်တွေ အစိတ်စိတ် အမြွှာမြွှာ ကြေကွဲသွားသည်အထိ စိတ်ရှည်လက်ရှည် ခွဲလိုက်တယ်၊ ကျွန်မယောကျာ်းက အလွန်အပြစ်ကင်းတဲ့ မျက်နှာနဲ့ ကျွန်မကို ဆွဲဖက်ပြီး နှစ်သိမ့်တယ်၊ ဆရာဝန်ကို အိမ်ပင့်ပြီး ကျွန်မရုတ်တရက်စိတ်ဖောက်ပြန်သွားတဲ့ ပုံစံမျိုးနဲ့ ဆေးကုပေးတယ်၊ ကျွန်မကို အရူးတစ်ယောက်လို အနားမှာ အရိပ်တစ်ကြည့်ကြည့် စောင့်နေခဲ့တယ်လေ၊ ဘယ်လောက်များရယ်စရာကောင်းလိုက်သလဲနော် ဒေါက်တာ၊ ကျွန်မရူးသလား သူရူးသလား အသိသာကြီးပါ၊ ကျွန်မ စကားတစ်ခွန်းမှ မဟဘဲ ကိုယ်ဝန်ကြီးနဲ့ပဲ ပြတင်းပေါက်ကို သစ်သားချပ်တွေနဲ့ ကိုယ်တိုင်ပြန်ရိုက်ဖို့ ကြိုးစားတယ်၊ အမေက ကမန်းကတန်း ကျွန်မကို ချော့မော့ပြီး မေးတယ်၊ “ ဒီပျဉ်ချပ်တွေနဲပြန်ကာစေချင်သလား သမီး” တဲ့၊ ကျွန်မက သဘောတူတဲ့ အမူအရာတွေ့သွားတော့ အမေကိုယ်တိုင် လက်သမားဆရာခေါ် ချက်ချင်းပြင်တော့တာပဲ၊ ပြတင်းပေါက်မှာ ဘာလရောင် ဘာအလင်းရောင်မှ ဖြတ်သန်းလို့ မရအောင် ပိတ်ဆီးနေတာကို ကြည့်ပြီးမှ ကျွန်မစိတ်ချမ်းသာသွားတယ်၊ နောက်ညလဲ လသာချင် သာမှာပေါ့၊ ဒါပေမယ့် ကျွန်မမသိဘူး၊ လရောင်ကို ကျွန်မ မမြင်ရဘူးလေ၊ ဒီယောကျာ်းအကြောင်းအမေနဲ့ ရပ်ကွက်လူကြီးတွေကို သက်သေပြပြီး ကျွန်မကွာရှင်းမယ်လို့ စိတ်ကူးပေမယ့် အကောင်အထည် မဖော်လိုက်ရဘူး၊ ကျွန်မမီးဖွားဖို့ ဝေဒနာကို စပြီး ခံစားလိုက်ရလို့ပေါ့၊ ကျွန်မအိမ် မှာပဲ မီးဖွားဖို့ကို နဂိုက စီစဉ်တယ်၊ ဒါပေမယ့် ကလေးက အပြင်ကို တော်တော်နဲ့ အပြင်ကို ရောက်မလာဘူး၊ ကျွန်မမှာ ရှိသမျှအင်အားတွေလဲ ကုန်ဆုံးခဲ့တာ ကြာပါပြီ၊ နောက်ဆုံးတော့ သတိလစ်လုနီးပါး အခြေအနေအထိ ရောက်သွားတယ်၊ ကျွန်မ ဆေးရုံကို ဘယ်လိုရောက်လာသလဲ မသိပါဘူး၊ ကျွန်မဘာဒုက္ခဝေဒနာ ကြုံခဲ့တယ်ဆိုတာလဲ ကျွန်မမသိတော့ပါဘူး၊ ကျွန်မအာရုံထဲမှာ ပေါ်နေတာ တစ်ခုတည်းပဲ ရှိတယ်၊ လရောင်အောက်က မြတ်လေးပန်းပွင့်တွေနဲ့ ကုန်းမြင့်ပေါ်က လူနှစ်ယောက်ပေါ့။ “ .. ကျွန်မသမီးလေးဟာ အသက်ပါမလာဘူး ဒေါက်တာ၊ သမီးမျက်နှာကို ဖြတ်ခနဲ ကျွန်မမြင်လိုက်ရပါတယ်၊ သိပ်ချစ်စရာကောင်းတဲ့ကလေးပဲ သမီးကို ကျွန်မကိုင်ကြည့်ပါရစေဆိုတာတောင် ဆရာမတွေက ခွင့်မပေးဘူး၊ ဒါပေမယ့် ကျွန်မသိပါတယ်၊ သမီးရဲ့ ပါးပြင်ကလေးတွေ ပြာနှမ်းနေပေမယ့် ပန်းပွင့်ချပ်ကလေးတွေလို နူးညံနေမယ်ဆိုတာ ကျွန်မသိပါတယ်။

“ .. သမီးကလေးဟာ ကျွန်မ ရင်ခွင်ထဲကို ရောက်ဖို့ကြိုးစားလျက်သားနဲ့ မရောက်လိုက်ရရှာဘူးလို့
ကျွန်မဝမ်းနည်းနေတယ်၊ ကျွန်မရဲ့ကြေကွဲမှုတွေကြောင့် ကျွန်မဟာ ကိုယ်ကိုတိုင်ကိုတောင်မေ့လျော့နေခဲ့တယ်၊ ကျွန်မထမင်းစားပြီးပြီလား၊ အိပ်ပြီးပြီလားဆိုတာ ဘာမှမသိဘူး၊ အချိန် ဘယ်လောက်ကြာအောင် ကျွန်မကိုယ်ကျွန်မမေ့နေမိတယ်ဆိုတာလဲ ကျွန်မမသိပါဘူးဒေါက်တာရယ်၊ ပထမဆုံးအကြိမ် ကျွန်မရေချိုးခွင့်ရတဲ့နေ့ ခြံထဲဆင်းလမ်းလျှောက်ခွင့်ရတဲ့နေ့မှာပဲ သစ်ပင်က ပိုးတွေကို သတ်တဲ့ ပိုးသတ်ဆေးဘူး တစ်ဘူးတွေ့တာနဲ့ အကုန်သောက်ပစ်လိုက်မိတာပါဘဲ၊ ကျွန်မဘာဖြစ်လို့သေချင်တာလဲလို့ ဒေါက်တာသိသွားပြီလား ဒေါက်တာ၊ သိရင် ကျွန်မကို ပြောပြပါဦး၊ ကျွန်မဘာဖြစ်လို့သေချင်ခဲ့တာလဲ၊သမီးကြောင့်လား၊ကျွန်မယောကျာ်းကြောင့်လား”
 
အမျိုးသမီးသည် မနားမနေ တတွတ်တွတ်ပြောနေရာမှ ကျွန်မကို ဖျတ်ခနဲမော့ကြည့်ကာမေးခွန်းမေးလိုက်၏။ ရုတ်တရက် ဘာပြန်ပြောရမှန်းမသိသောကြောင့် အနည်းငယ်ပြုံး၍နှစ်သိမ့်လိုက်မိပါသည်။
“ သေတယ်ဆိုတာ ကျွန်မတို့ အလုပ်မဟုတ်ဘူး၊ သဘာဝရဲ့အလုပ်ပဲ၊ နောက်ပြီး သေသွားလို့ ဘယ်သူ့ကိုမှ အစ်မမနိုင်နိုင်ဘူး၊ အစ်မအသက်ရှင်နေမှ နိုင်မှာ၊ နိုင်အောင်ကြိုးစားနိုင်မှာ” ကျွန်မတတ်သလောက်မှတ်သလောက် အားပေးလိုက်တော့ အမျိုးသမီးက တောက်ပသော မျက်လုံးများဖြင့် ကျွန်မကို ကြည့်က ခေါင်းညိတ်လိုက်၏။ အမျိုးသမီး၏ မျက်လုံးများမှာ စိတ်ဖောက်ပြန်သူ၏ မျက်လုံးမဟုတ်တာသေချာပါသည်။
“ကျွန်မ ဆေးရုံပေါ်မှာ သတိရရချင်း ကျွန်မကိုယ်ကျွန်မ ဘာဖြစ်သွားတယ်ဆိုတာ သိလိုက်ရင် သိလိုက်ချင်း ပထမဦးဆုံး ခံစားချက်ကတော့ အတိုင်းအဆမရှိ ဝမ်းသာသွားတဲ့ ခံစားချက်ပါပဲ၊ ကျွန်မ မသေဘူးလို့ သိလိုက်ရတဲ့ အခါ ကျွန်မ ဆေးရုံက ဆရာဝန်တွေ အားလုံးကို ကျေးဇူးတင်သွားတယ်၊ နောက် ကျွန်မကို ဆေးရုံပို့ပေးတဲ့ အမေ့ကိုရောပေါ့၊ ကျွန်မသေလို့မ မဖြစ်ဘဲ ဒေါက်တာရယ်၊ ကျွန်မယောကျာ်းနဲ့ ကျွန်မ မကွာရှင်းရသေးသမျှ ကျွန်မသေလို့ မဖြစ်သေးဘူး၊ ကျွန်မရဲ့ စည်းစိတ်ချမ်းသာပေါ်မှာ သူဆက်လက်ခံစားနေမှာကို ကျွန်မ မမြင်နိုင်ဘူး၊ ဒီအကြောင်းကို ဘာဖြစ်လို့ ကျွန်မ မတွေးမိခဲ့သလဲ ကျွန်မတော်တော်တုံးတဲ့ မိန်းမပဲ၊ ကျွန်မနားမှာ သမီးမရှိပေမယ့် အမေရှိတယ်လေ၊ တော်ပြီပေါ့ ..
.ဘာများလိုဦးမှာလဲ။”

“ဒါပေမယ့် ကျွန်မအာရုံထဲမှာ အမြဲလွှမ်းမိုးနေတဲ့ မြင်ကွင်း တစ်ခုတော့ ရှိတယ် ဒေါက်တာ၊ အဲဒီမြင်ကွင်း ပျောက်သွားအောင် ကျွန်မကို ကုပေးပါ၊ လရောင်အောက်က ပြာလဲ့နေတဲ့ ကုန်းမြင့်လွင်ပြင်လေးပေါ်က ပူးကပ်နေတဲ့ ကိုယ်ခန္ဓာနှစ်ခုကို ကျွန်မ ဘယ်လိုမှ မဖျောက်နိုင်ဘူး ဖြစ်နေတယ်၊ အဲဒီလရောင်အောက်က ကျွန်မမြင်လိုက်ရတဲ့ ကျွန်မယောကျာ်းရဲ့ မျက်နှာဟန်ပန်ကို ကျွန်မ အမြဲသတိရနေတယ်၊ မသတီစရာ တစ်ခုခုကို အော်ဂလီဆန်ဆန် သတိရနေတဲ့ ခံစားချက်မျိုးပါ၊ တစ်ချိန်တည်းမှာပဲ အဲဒီ ကိုယ်ခန္ဓာနှစ်ခုတည်းက တစ်ခုဟာ ကျွန်မဖြစ်ဖြစ်သွားတယ်၊ အဲဒီအခါမှာ ကျွန်မသိပ်မုန်းတာပဲ ဒေါက်တာ၊ ကျွန်မ မှားခဲ့တယ်၊ သိပ်ကို မှားခဲ့ပါတယ်၊ အဲဒီညက မြတ်လေးပန်း သွားခူးခဲ့မိတာကိုက ကျွန်မ အမှားပါ၊ အဲဒီတုန်းကသာ ကျွန်မ ပန်းမခူးမိခဲ့ရင် ဒီလို အဖြစ်အပျက်တွေ ဆက်တိုက်ဖြစ်လာမှာ မဟုတ်ဘူး၊ နောက်ပြီး ကျွန်မ ပန်းခူးတဲ့ညမှာ လသာမနေခဲ့ရင်လဲ ဒီအဖြစ်အပျက်တွေဖြစ်လာမှာ မဟုတ်ဘူးလို့ ကျွန်မထင်တယ်။  အခုတော့ ကျွန်မ လရောင်ကိုလဲ မမြင်ချင်ပါဘူး၊ လရောင်ကို ကျွန်မ ကြာကြာမြင်ရရင် ရူးမှာပဲ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီကိစ္စမှာ လရောင်က တရားခံ ဖြစ်နေလို့ပဲ” အမျိုးသမီး၏ မျက်နှာကို ကျွန်မငေးမောကြည့်မိသည်။ ကျွန်မခေါင်းယမ်းလိုက်ချင်သည်။ သို့သော် ကျွန်မငြိမ်သက်စွာနေခဲ့ပါသည်။

လူတစ်ယောက်၏ ဖောက်ပြန်မှုသည် လရောင်နှင့် မည်သို့မျှ မသက်ဆိုင်ကြောင်း ကျွန်မသိလာလိမ့်မည်။ သို့သော် ထိုကဲ့သို့ သိခွင့်ရသွားမှာကိုလည်း ကျွန်မစိုးရိမ်မိပါသည်။ “တကယ်တမ်းကျတော့ ဒေါက်တာရေ၊ ဒေါက်တာတို့ ဆေးကုပေးရမှာက ကျွန်မ မဟုတ်ဘူး၊ လသာတဲ့ညတိုင်း ဖောက်ပြန်တတ်တဲ့ ကျွန်မယောကျာ်းကိုသာ ဆေးကုပေးရမှာပါ၊ ဒေါက်တာတို့ ကုပေးလို့ရမယ်မဟုတ်ဘူးလား”
သူမမျက်ဝန်းများ ငြိမ်သက်နေပါသည်။ ရူးသွပ်မှုမျိုး မတွေ့ရပါ။ သူမ တကယ်ပင် အကြံဥာဏ်တောင်းနေခြင်း ဖြစ်ပါသည်။ သူမ၏ယောကျာ်းကို သူမမုန်းတီးစက်ဆုတ်သည်ဆိုခြင်းမှာ တကယ်မှ ဟုတ်ရဲ့လားဟု ကျွန်မသံသယ ဖြစ်မိသည်။ သို့သော် ထိုသံသယ မှန်မမှန်ကိုတော့ ကျွန်မသိခွင့်မရလိုက်ပါ။ သူမကို ကျွန်မနောက်တစ်ကြိမ်ပြန်မတွေ့ရတော့သောကြောင့်ဖြစ်သည်။
ထိုနေ့ညက ဆေးရုံအထွက်တွင် သူမအားကြင်နာစွာဖေးမခေါ်ဆောင်သွားသော သူမ၏ခင်ပွန်းကို သူမကြည့်လိုက်သော မျက်လုံးများကိုတော့ ကျွန်မ မကြာခဏ သတိရနေမိသည်။ ထိုမျက်လုံးများသည် လှောင်အိမ်တစ်ခုကိုကြည့်သောသားကောင်၏မျက်လုံးမျိုးဖြစ်သည်။

( အမှတ် ၅၀၊ ဟန်သစ်မဂ္ဂဇင်း)

#မြန်မာအင်တာနက်စာကြည့်တိုက်_ဂျူး

#မြန်မာအင်တာနက်စာကြည့်တိုက် မှ စာစီရိုက်ကူးတင်ဆက်သည်

ဆရာဝန်တစ်ယောက်၏မှတ်စုများ လရောင်ကို ကြောက်သူ - ဂျူး (Post) ဆရာဝန်တစ်ယောက်၏မှတ်စုများ လရောင်ကို ကြောက်သူ - ဂျူး (Post) Reviewed by Unknown on Saturday, April 23, 2016 Rating: 5

No comments